Tuesday, February 04, 2020

ရခိုင်ပြည်နယ် မြို့နယ် ၄ ခုနှင့် ချင်းပြည်နယ် ပလက်ဝတွင် အင်တာနက် ပြန်ပိတ်ပင်၊ AA နှင့်တပ်မတော် တိုက်ပွဲဖြစ်ပွားရာ မြို့နယ် ၉ ခုလုံးတွင် အင်တာနက် ပိတ်ထား

Image may contain: 3 people, people standing
ရခိုင်ပြည်နယ်မြို့နယ် ၄ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အင်တာနက်လိုင်းများ ပြန်လည် ပိတ်ပင်လိုက်ကြောင်း ရခိုင်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်း၊ အမျိုးသားလွှတ်တော်အမတ် ဦးမောင်ကျော်ဇံနှင့် ခူမီးမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီထံမှ စုံစမ်းသိရှိရသည်။

ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံမြို့နယ်များတွင် အင်တာနက်လိုင်းများ ယမန်နေ့ ညပိုင်းမှ စတင်ပိတ်ပင်ခြင်းဖြစ်ပြီး မကြာသေးခင်ကမှ အင်တာနက် ပြန်လည်ဖွင့်လှစ်ထားသော မြို့နယ်များကို ပြန်လည်ပိတ်ပင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
"ဘူးသီးတောင်၊ မောင်တောက မနေ့ညကတည်းက အင်တာနက် မရတော့တာ။ မြေပုံကတစ်ယောက်လည်း ဖုန်းဆက်ပါတယ် အင်တာနက် မရတဲ့အကြောင်း" ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောဆိုသည်။
ခူမီးမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီမှ တာဝန်ရှိသူတစ်ဦးကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ယမန်နေ့ ည ၁၀ နာရီမှစတင်၍ အင်တာနက် သုံးမရတော့ဟု ဆိုသည်။
"ပလက်ဝက ဒေသခံတွေက ဖုန်းဆက်လာတယ်။ မနေ့ည ၁၀ နာရီကတည်းက အင်တာနက်တွေ ဘယ်သူမှ သုံးလို့မရတာကိုပါ" ဟု ခူမီးမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီမှ တာဝန်ရှိသူက ဆိုသည်။
ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်မြို့နယ်များသည် ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်ပိတ်ပင်ထားပြီးဖြစ်ရာအင်တာနက် ပြန်လည် ဖွင့်ပေးပြီး ပြန်လည်ပိတ်ပင်သော မြို့နယ် ၄ ခုပေါင်းပါက စုစုပေါင်း ၉ မြို့နယ် အင်တာနက်ပိတ်ပင်ခံထားရခြင်းဖြစ်သည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနထံ ရန်ကုန်ခေတ်သစ်သတင်းဌာနက အင်တာနက် ပိတ်ပင်မှုနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းသော်လည်း တာဝန်ခံ ဖြေဆိုမည့်သူမရှိပေ ။
Photo Credit- DYKT Mohigan, Flickr (CC BY 2.0)

No comments:

Post a Comment

My Blog List