Friday, December 13, 2019

မြန်မာအစိုးရအနေဖြင့် လူမျိုးတုန်းသတ်ဖြတ်သော စစ်တပ်ကို မထိန်းချုပ်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည် တင်ပြချက်ကိုးကား၍ ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးတွင်တင်ပြ

Image may contain: 11 people, people sitting
မြန်မာအစိုးရအနေဖြင့် တပ်မတော်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ မထိန်းချုပ်နိုင်ဘဲ ရိုဟင်ဂျာ လူနည်းစု အပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကို စစ်တပ် ဦးဆောင်၍ စနစ်တကျ ကျူးလွန်ခဲ့ကြောင်း ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ယနေ့ ထပ်မံ လျှောက်လဲတင်ပြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြန်မာနိုင်ငံတွင် စစ်ဘက်ဆိုင်ရာ ခုံရုံးများရှိပြီး တပ်မတော်သားများ ကျူးလွန်သော ပြစ်မှုများကို ယင်းတရားရုံးက အပြစ်ပေး အရေးယူသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့ က ထွက်ဆိုသွားကြောင်း၊ ယင်းထွက်ဆိုချက်အရ မြန်မာအစိုးရအနေဖြင့် တပ်မတော်ကို မထိန်းချုပ်နိုင်သည်ကို ဝန်ခံချက်ဖြစ်ကြောင်း၊ အင်းဒင်လူသတ်မှုတွင် လူသတ်မှု ကျူးလွန်သော လုံခြုံရေး တာဝန်ရှိသူများကို ပြစ်ဒဏ်ချမှတ်ပြီး ၇ လဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း၊ ယင်းသို့ လွှတ်ပေးလိုက်မှုအပေါ် မြန်မာပြည်သူများ စိတ်မသက်မသာ ဖြစ်ရသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း၊ ယင်းပြောဆိုမှုအရ အစိုးရအနေဖြင့် စစ်ဘက်မှ ပြစ်မှု ကျူးလွန်သူများကို ဘာမှ မလုပ်နိုင်၊ မတတ်နိုင်ဆိုသည်ကို ပေါ်လွင်စေကြောင်း ဂမ်ဘီယာက တင်ပြသည်။
ယင်းအပြင် အမေရိကန်ပြည်ထောင်စုက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ် သန်းဦးနှင့် ဗိုလ်မှူးချုပ်အောင်အောင်တို့ကို ပိတ်ဆို့ အရေးယူထားကြောင်း၊ ယင်းအရေးယူမှုအရ စစ်တပ်သည် လူမျိုးတုန်းသတ်ဖြတ်မှုတွင် အဓိက တာဝန်ရှိကြောင်း ဂမ်ဘီယာဘက်က တင်ပြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ဆိတ်နေမှု အပေါ်လည်း ဂမ်ဘီယာရှေ့နေက ထောက်ပြခဲ့ကြောင်း၊ မြန်မာအစိုးရအနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို ဘာမှ အရေးယူမှု မလုပ်နိုင်သည့် အနေအထားဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာအစိုးရကို လူမျိုးတုန်းသတ်ဖြတ်မှုများ ထပ်မံ မဖြစ်ပေါ်စေရန် ရည်ရွယ်သော ကြားဖြတ် အမိန့်ကို ICJ တရားရုံးက ချက်ချင်း ချမှတ်ပေးရန် လျှောက်ထားပါကြောင်း ဂမ်ဘီယာဘက်က တင်ပြသွားသည်။

No comments:

Post a Comment

My Blog List