Wednesday, May 27, 2015

ရုံးထုတ်လာသည့် ကျောင်းသားနှင့် ဝန်းရံသူများကို လက်ထိတ် နှစ်ဖက်ခတ်၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွား


ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု များကြောင့် သာယာဝတီ အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသူ များ၏ မေလ ၂၆ ရက် တရားရုံးချိန်းတွင် ကျောင်းသားများနှင့် ဝန်းရံသူများကို လက်ထိတ် နှစ်ဖက်ခတ်၍ ရုံးထုတ်ခဲ့ခြင်းကြောင့် တရားရုံးပြင်ပ၌ ရဲတပ်ဖွဲ့ဝင်များနှင့် ပညာရေး လှုပ်ရှားသူများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း ကျောင်းသား မိဘများက The Voice သို့ ပြောကြားသည်။

မေလ ၂၆ ရက်နေ့ ရုံးချိန်းတွင် ဗကသခေါင်းဆောင်များ အပါအဝင် ဖမ်းဆီးခံထားရသူ ၆၉ ဦးကို တရားရုံးထုတ် စစ်ဆေးခဲ့ပြီး အဆိုပါ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် ခေတ္တ ရပ်နားခဲ့ရကြောင်း ဖမ်းဆီးခံရသူ ကျောင်းသားခေါင်းဆောင် ကိုနန္ဒာစစ်အောင်က ပြောဆိုသည်။

“ဆူညံလို့ဆိုရအောင် အခန်းကျဉ်းလေးထဲမှာ လူခြောက်ဆယ်လောက် ထည့်ပြီး စစ်တယ်။ ဒါကို ဆူညံတယ်ဆိုပြီး ရပ်တာတော့ လက်တွေ့မကျဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မေလ ၂၆ ရက် တရားရုံးချိန်းတွင် ရဲမှူးဖုန်းမြင့်ကို တရားသူကြီးက စစ်ဆေးမေးမြန်းခဲ့ပြီး အသက် ၁၈ နှစ်အောက် အဋ္ဌမတန်းကျောင်းသား ကိုမျိုးသီဟကို အာမခံ ထပ်မံပေးခဲ့ပြီး ကလေးသူငယ် တရားရုံးတွင် ဆက်လက်စစ်ဆေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေများက ဆိုသည်။

ယခင် လက်ပံတန်းနှင့် သာယာဝတီ တရားရုံးချိန်းများတွင် ကျောင်းသားများနှင့် ဝန်းရံသူများကို လက်ထိတ်တစ်ဖက်သာ ခတ်ခဲ့သော်လည်း မေလ ၂၆ ရက် တရားရုံးချိန်းတွင် လက်ထိတ် နှစ်ဖက် ခတ်ခဲ့ကြောင်း၊ ယင်းအပြင် လုံခြုံရေးကိုလည်း ယခင်ရုံးချိန်းများထက် ပိုမို တင်းကျပ်ထားကြောင်း ကျောင်းသား မိဘတစ်ဦးက The Voice သို့ ပြောဆိုသည်။

“ကျွန်တော်တို့ တရားရုံးမစခင် မိသားစုတွေနဲ့ တွေ့ခွင့်မပေးတော့ ဒီပြဿနာ ဖြစ်ပေါ်ခဲ့တာပါ” ဟု ကိုနန္ဒာစစ်အောင်က ရှင်းပြသည်။

အမေရိကန် သမ္မတဟောင်း George W.Bush ၏ Liberty and Leadership Forum ၏ကျောင်းသား ဟောင်းတစ်ဦးဖြစ်သော ဗကသ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် အတွက် သဝဏ်လွှာတစ်စောင်ကို အဆိုပါရုံးချိန်းတွင် ၎င်းအား ပေးအပ်ခဲ့ကြောင်း ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ ထံမှ သိရှိရသည်။
မေလ ၁၄ ရက်စွဲဖြင့် အဆိုပါ သဝဏ်လွှာတွင် ပညာရေးစနစ် အပြောင်းအလဲအတွက် အားတက်သရော ပါဝင်ခဲ့ခြင်းကို George W.Bush နှင့် ၎င်း၏ဇနီးဖြစ်သူတို့က ကျေနပ်ပီတိ ဖြစ်ရကြောင်း၊ ၎င်းတို့က မဖြိုးဖြိုးအောင်ဘက်မှ ရပ်တည်ပြီး အမြန်ဆုံးပြန်လည် လွတ်မြောက်ရန် မျှော်လင့်မိကြောင်း ရေးသားထားသည်။
အလားတူ Liberty and Leadership Forum ၏ ကျောင်းဆင်းပွဲ အခမ်းအနားတွင် မဖြိုးဖြိုးအောင်အတွက် ဂုဏ်ပြုအစီအစဉ်တစ်ခု ပြုလုပ်ပေးရန် စီစဉ်ထားကြောင်း အဆိုပါသဝဏ်လွှာထဲတွင် ထည့်သွင်း ဖော်ပြခဲ့သည်။

ယင်းသဝဏ်လွှာသည် ဒီမိုကရေစီ ပညာရေးတိုက်ပွဲတွင် ပါဝင်ခဲ့သော ဝန်းရံ ပြည်သူများနှင့် ထိန်းသိမ်းခံထားရသော ကျောင်းသားများအတွက် ခွန်အားတစ်ခု ဖြစ်ကြောင်း မဖြိုးဖြိုးအောင်က ပြောကြားသည်။

ဖမ်းဆီးခံထားရသူများ၏ လာမည့် တရားရုံးချိန်းကို ဇွန်လ ၂ ရက်တွင် ဆက်လက်စစ်ဆေးမည် ဖြစ်ပြီး အဆိုပါ ရုံးချိန်းတွင် အာမခံ လျှောက်ထားသူ အဝေးသင်ကျောင်းသား ၂၀ ဦးကို ဆုံးဖြတ်ရန် စီစဉ်ထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။

မင်းမင်းအောင်
The Voice Weekly

No comments:

Post a Comment

My Blog List