Wednesday, May 27, 2015

ယခုနှစ်အတွင်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန် ခက်ခဲမည်ဟု ကော်မရှင် ဥက္ကဋ္ဌ ဆို


၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့် အောက်တိုဘာမှ နိုဝင်ဘာ ပထမအပတ်အတွင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရန် လိုအပ်သည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန် ခက်ခဲနိုင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မေလ ၂၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

“Voter Education လုပ်ပြီးရင် ကျင်းပပေးဖို့ တာဝန်ရှိလို့ ကျင်းပပေးမယ်။ ကျင်းပပေးနိုင် မပေးနိုင်ဆိုတာကတော့ သူ့ကဏ္ဍနဲ့ သူ ရှိတယ်။ ရွေးကောက် ပွဲလုပ်မယ့် နှစ်မှာတော့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ဖို့တော့ ကျွန်တော့်အတွက် အခက်အခဲ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြင်ဆင်လုပ်ကိုင်ရမည့် ဖြစ်စဉ်သည် အချိန်ယူ ဆောင်ရွက်ရမည့် အခြေအနေဖြစ်ပြီး ပြင်ဆင်မည့် ဥပဒေများကို မူလနှင့် နှိုင်းယှဉ်ကာ ပြည်သူများသို့ အသိပညာပေး လုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ရန် လိုအပ်သည်ဟု ဦးတင်အေးက ပြောသည်။

၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြဋ္ဌာန်းသည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေပုဒ်မ ၅(က) အရ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရန် ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စု ကော်မရှင်အား တာဝန်ပေး အပ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆(ခ) တွင် ပါဝင်သည့် ပုဒ်မ ၉၅ ခုကို ပြင်ဆင်ရန် လွှတ်တော် တွင်း ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံချက်အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ကျင်းပကာ ပြင်ဆင်ရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်း မရှိပါက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် တရားမျှတပြီး လွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်မည် မဟုတ်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်နှင့် ၈၈ ငြိမ်း/ပွင့် အဖွဲ့တို့က ပြောထားသည်။
မေလ ၂၂ ရက်က ရန်ကုန်မြို့ရှိ Holiday စားသောက်ဆိုင်တွင် ပြုလုပ်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ (UNA) နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း တို့၏ ဆွေးနွေးပွဲတွင် နှစ်ဘက်စလုံးက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

လက်ရှိအချိန်သည် တိုင်းရင်းသားများ တစ်ကွဲတစ်ပြားဖြစ်နေမှု မရှိဘဲ စုစည်းမှုအားကောင်း နေပြီး နိုင်ငံရေးအင်အားစုများလည်း စုစည်းနေသည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရန်သာ လိုတော့သည် ဟုလည်း ၎င်းတို့က ဆိုကြသည်။
ဒီဥပဒေကို ဒီလိုပြင်မယ်ဆိုတာ လူထုနားလည်အောင် လုပ်ရမှာ လွှတ်တော် တာဝန်၊ ဘယ်လို ကနေ ဘယ်လို ပြင်မယ်ဆိုတဲ့ စာသားရေးပြီး ထောက်ခံ မထောက်ခံ၊ ကျင်းပတာ ကျွန်တော်တာဝန် ရှိတဲ့အတိုင်း ကျင်းပပေးမယ်။ သို့သော်လည်း ဒီဖြစ်စဉ်ကြီးက တော်တော်ကြီးတယ်၊ လွယ်လွယ်ကူကူ လုပ်လို့မရဘူး" ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

ပြည်ထောင်စုလွှတ်တော် နာယကကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို မေလအတွင်း ကျင်းပရန်နှင့် ရွေးကောက်ပွဲ မတိုင်မီ ကျင်းပပြုလုပ်သွားနိုင်ကြောင်း နိုင်ငံတကာနှင့် ပြည်တွင်း မီဒီယာ များကို အထပ်ထပ်အခါခါ ဆိုထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List