Friday, February 13, 2015

ဗိုလ်ချုပ်အိမ် လာရောက်သူများလွန်း၍ မထိန်းနိုင်သဖြင့် အပေါ်ထပ်ပိတ်ထားရ

နတ်မောက်မြို့ရှိ ဗိုလ် ချုပ်အောင်ဆန်း နေအိမ်သို့ ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင် စုနေ့)က အနယ်နယ် အရပ်ရပ်မှ လာရောက်လေ့လာသူများပြား လွန်း၍ တာဝန်ရှိသူများ မထိန်းနိုင်တော့သဖြင့် အိမ်အပေါ်ထပ် တံခါးကို နေ့လယ်တွင် သော့ခတ် ပိတ်သိမ်းလိုက်ရကြောင်း နတ် မောက်မြို့မရဲစခန်းမှ သတင်းရရှိ သည်။
ဖေဖော်ဝါရီ ၁၂ ရက်နံနက် အစောပိုင်းမှစကာ ဗိုလ်ချုပ်နေအိမ်သို့ လာရောက်လေ့လာသူ များ တဖွဲဖွဲရောက် ရှိလာခဲ့သည်။ ထို့နောက် တန်းစီသော လူအုပ် ကြီးမှာ နေ့လယ်ပိုင်းတွင် ပိုမိုများ ပြားလာကာ ပိတ်ထားသည့် ခြံ တံခါးကို အတင်းတိုးဝင်ရောက် လာ၍ လုံခြုံရေးယူထားသော နတ်မောက်မြို့မရဲစခန်းမှ တာဝန်ရှိသူများ က မနိုင်တော့သဖြင့် အပေါ်ထပ်တံခါးကို သော့ခတ် ပိတ်လိုက်ခြင်း ဖြစ်သည်။

‘‘အိမ်အနေအထား မနိုင်တော့ လုံခြုံရေးဝင်ပေးတာပါ။ လူကပြုံ ပြီးကျလာတာ။ လူတွေက စည်း ကမ်းနဲ့ တန်းစီဖို့ကို နားမထောင် ဘူး။ ကောင်းကောင်း မစီဘူး။ ဖြတ်လမ်းကနေ အတင်းတိုးတော့ မနိုင်တော့ဘူး။ ရုန်းရင်းဆန်ခတ်ဖြစ်လို့ လက်ရှိအနေအထားအရ အိမ်ပေါ်တက်တဲ့ လူအုပ်ကြောင့် အိမ်ရဲ့ ကြံ့ခိုင်ရေးအနေ အထားအရ အိမ်အပေါ်ထပ်ကို ပိတ်တဲ့နည်းလမ်း က အဆင်ပြေမယ်ထင်လို့ သုံးလိုက်ရတာပါ။ အိမ်ပေါ် တက်တဲ့ လှေကားလည်း အက်နေတာဖြစ် ကုန်ပြီ’’ဟု ဗိုလ်ချုပ်နေအိမ်တွင် လုံခြုံရေး တာဝန်ယူနေသော နတ်မောက်မြို့မရဲစခန်းမှ ဒုရဲအုပ် အေးချမ်းအောင်က ပြောသည်။

အပေါ်ထပ်ကို သော့ခတ်လိုက်သော်လည်း အိမ်အောက်ထပ်ပြခန်းကို ဖွင့်လှစ်ပေးထားပြီး လာရောက်ကြ သူများ ဆက်လက်ကြည့်ရှုနေကြသည်။ လူအများတိုးဝှေ့မှုကြောင့် ဗိုလ်ချုပ်နေအိမ် ခြံတံခါး ပျက်စီးသွားပြီး ခြံအတွင်းရှိ သစ်ပင်ငယ်အချို့နှင့် ပန်းပင် များလည်း ပျက်စီးသွားသည်။ ခြံစည်းရိုးကျော်တက်၍၀င်ရောက်ကြ သူအချို့လည်း ရှိခဲ့သည်။

ဗိုလ်ချုပ်နေအိမ်ကို ၁၉၇၃ တွင် ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူထိန်းသိမ်းခဲ့သည်။ ယနေ့နတ်မောက် တွင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ လာရောက် သူတို့မှာ ပြည်ထောင်စုနေ့တွင် လူသိန်းချီရှိပြီး စံချိန်တင်မြင့်တက်ခဲ့ကာ ခရီးသွားများအတွက် တည်းခိုနေ စရာ အခက်ကြုံနေရသည်။ ဖေဖော်ဝါရီ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်လာရောက် မိန့်ခွန်းပြောကြားပြီး သီတဂူဆရာ တော်တရားပွဲကြောင့် လူပိုမိုများ ပြားနိုင်သည်။


7Day Daily

No comments:

Post a Comment

My Blog List