Monday, December 22, 2014

တိုက်ခန်း၊ ကွန်ဒိုငှားရမ်းသူ နိုင်ငံခြားသားများကို နောက်ကြောင်းပြန် အခွန်ကောက်မည်


တိုက်ခန်း၊ ကွန်ဒိုနှင့် လုံးချင်းအိမ်ရာ ငှားရမ်းသူ နိုင်ငံခြားသားများကို လာမည့် ဘဏ္ဍာနှစ်အတွင်း နောက်ကြောင်းပြန် အခွန်ကောက်ခံမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

နိုင်ငံခြားသားများသည်လည်း နိုင်ငံတော်အတွက် အခွန်ပေးဆောင်သင့်သူများ ဖြစ်သည့်အတွက် အခွန်ကောက်ခံရန် စီစဉ်ခြင်းဖြစ်ကြောင်း အဆိုပါဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“သူတို့ကို အခွန်ကောက်နိုင်ဖို့ အခုလောလောဆယ် စာရင်းကောက်နေပါတယ်။ အရင်တုန်းက သူတို့က မပေးဆောင်ထားကြဘူး။ မပေးဆောင်ထားတဲ့ နှစ်အနေနဲ့ သုံးနှစ်အထိ နောက်ကြောင်းပြန် အခွန်ကောက်ခံလို့ ရပါတယ်” ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ဥပဒေအရ နိုင်ငံခြားသားများကို တရားဝင် ရောင်းချပိုင်ခွင့် မရှိသော်လည်း ငှားရမ်းပိုင်ခွင့် ရှိသည့်အတွက် ငှားရမ်းခြင်းဖြစ်ပြီး အခွန်ကောက်ခံမည် ဆိုပါကလည်း ပေးဆောင်မည်ဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

“သူတို့ကောက်မယ် ဆိုရင်တော့ ပေးဆောင်ရမှာပါပဲ။ ဒါပေမဲ့ တစ်ခုပဲ ကြည့်ရမှာပေါ့။ အခွန်က ဘယ်လိုကောက်မှာလဲ ဆိုတာရယ်၊ ဘယ်နှုန်းထားနဲ့ ကောက်မှာလဲဆိုတာ စောင့်ကြည့်ရပါမယ်” ဟု ကမာရွတ်မြို့နယ် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။

လတ်တလောတွင် ပြည်တွင်းတိုက်ခန်း၊ ကွန်ဒို စီးပွားဖြစ် ငှားရမ်းသည့် လုပ်ငန်းရှင်များကိုလည်း နောက်ကြောင်းပြန် အခွန်ကောက်ခံရန် ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးသို့ ပိုင်ဆိုင်သည့် စာရင်းပြပြီး အခွန်ပေးဆောင်ခြင်း မရှိသေးသူများကိုလည်း လာရောက်ပေးဆောင်ရန်နှင့် ယခုနှစ်အတွင်း ဝင်ငွေကြေညာလွှာတင်ရန် ခေါ်ယူထားကြောင်း အဆိုပါဌာနထံမှ သိရသည်။

ယင်းသို့ ခေါ်ယူထားရာတွင် နိုဝင်ဘာလအတွင်းထိ ယခုနှစ်အတွင်း အခွန်သစ်ပေးဆောင်ရန် လာရောက်စာရင်းပေးသူများနှင့် နောက်ကြောင်းပြန် အခွန်ပေးဆောင်သူ ၁၅၀ ဦးခန့် ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment

My Blog List