Wednesday, November 05, 2014

မဖြစ်မနေ ရဲမှုထမ်းရေး ဥပဒေပြန်လည်ပြဌာန်းရန် ထိုင်းအစိုးရ စဉ်းစားလျက်ရှိ



ထိုင်းအစိုးရသည် နိုင်ငံတွင် မဖြစ်မနေ ရဲမှုထမ်းရေး ဥပဒေအား ပြန်လည်ပြ ဌာန်းပြီး ရန်နှင့် နှစ်စဉ်နှစ်တိုင်း တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ဖြည့်တင်းသွားရန် စဉ်းစားလျက်ရှိသည်ဟု အစိုးရတာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၃ ရက်က ပြောကြားလိုက်သည်။
မေလက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းရဲတပ်ဖွဲ့သည် တင်းကျပ်သော စုံစမ်းစစ်ဆေးမှုများနှင့် ရင်ဆိုင်နေရပြီး ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာ၏ ညီမဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယင်လပ်အစိုးရနှင့် နီးစပ်သည့် အဆင့်မြင့် ရဲအရာရှိ ကြီးများကိုလည်း ထိုင်းစစ်တပ်က ရာထူးမှ ဖယ်ရှားထားခဲ့သည်။

လာဘ်ပေးလာဘ်ယူမှုများကြောင့် နာမည်ဆိုးရနေသော ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ခိုတောင်ကျွန်း ဗြိတိန်စုံတွဲ အသတ်ခံရ မှုကိစ္စ ရပ်အပေါ် စုံစမ်းစစ်ဆေးမှုပိုင်းတွင် ကောင်းစွာပြုလုပ် နိုင်ခြင်းမရှိခဲ့ခြင်းကြောင့် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင် နေ ရသည်။

ထိုင်းအစိုးရအဖွဲ့က နိုင်ငံတစ်ဝှမ်းလုံး၌ ရဲတပ်ဖွဲ့တွင်းသို့ အသက် ၂၁ နှစ်အရွယ် တပ်ဖွဲ့ဝင်သစ် ၅,၀၀၀ မှ ၁၀,၀၀၀ ထိ နှစ်စဉ် ဖြည့်တင်း၍အမှုထမ်းစေရန် မူအားဖြင့် သဘောတူထားပြီးဖြစ်သည်ဟု ထိုင်းအမျိုးသားရဲဌာနမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။ “ ကျွန်တော်တို့မှာ လောလောဆယ် ရဲတပ်ဖွဲ့ဝင်တွေ လိုအပ်နေပါတယ်၊ ဒီဥပဒေကို အတည်ပြုပေးမယ်ဆိုရင် ရဲဝန်ထမ်းသစ် စုဆောင်းမှုတွေကို မှုခင်းဖြစ်ပွားမှုနှုန်း မြင့်မားနေတဲ့ ဒေသတွေမှာ တရားဥပဒေ စိုးမိုးရေးတွေကို လုပ်ဆောင် သွားနိုင်မှာပါ” ဟု ရဲမှူးချုပ် ပရာယုသ် သာဗောင်ဆီရီက ပြောသည်။

အစိုးရအဖွဲ့က ယင်းကိစ္စကို အတည်ပြုပြီးပါက စစ်တပ်အနေဖြင့် ရဲအမှုထမ်းသစ်များ ခေါ်ယူမှုပိုင်းကို ကြီးကြပ်ဆောင် ရွက်သွားမည်ဖြစ်ပြီးရဲတပ်ဖွဲ့ဝင်သစ်များအနေဖြင့် တစ်လလျှင် အမေရိကန်ဒေါ်လာ ၂၄၅ ဒေါ်လာမှ ၂၇၅ ဒေါ်လာထိ ရရှိနိုင်ပြီး အနိမ့်ဆုံးလစာ ဒေါ်လာ ၂၂၀ ထက်အနည်းငယ် ပိုမိုနိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် မဖြစ်မနေ ရဲမှုထမ်းဥပဒေကို ဆယ်စုနှစ်တစ်ခုအထိ ဆိုင်းငံ့ထားပြီး လက်ရှိအချိန်တွင် နိုင်ငံတစ်ဝှမ်းလုံး ၌ ရဲတပ်ဖွဲ့ဝင်ဦးရေ ၂၃၀,၀၀၀ ဝန်းကျင်ခန့်သာ ရှိနေသည်။

လက်ရှိတွင် အသက် ၁၈ နှစ် အရွယ်အမျိုးသားများအနေဖြင့် အသက် ၂၁ နှစ်မှ စတင်က နှစ်နှစ် မဖြစ်မနေစစ်မှုထမ်းရန် စာရင်းများ ပေးသွင်း၍ ရနေပြီဖြစ်သည်ဟု ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List