Wednesday, August 20, 2014

သုံးပွင့်ဆိုင်လား . . .ရှစ်ပွင့်ဆိုင်လား၊ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရာတွင် ပါဝင်မည့် အစုအဖွဲ့ပုံစံနှင့် ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ညှိနှိုင်းရန်ခက်ခဲသော ကိစ္စတစ်ခု ဖြစ်လာနိုင်


အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC) နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို လာမည့်စက်တင်ဘာတွင် ဆက်လက်ညှိနှိုင်းရန် နှစ်ဖက်သဘောတူ ထားရာ အပစ်ရပ်မူကြမ်း ဆက်လက်ညှိနှိုင်းရာတွင် နိုင်ငံရေးဆွေးနွေးမှု၌ ပါဝင်မည့်ပုံစံဖြစ်သော သုံးပွင့် ဆိုင်နှင့် ရှစ်ပွင့်ဆိုင်ဆိုသည့်အချက်မှာ ညှိနှိုင်းရန်ခက်ခဲသော ကိစ္စတစ်ခု ဖြစ်လာနိုင်ကြောင်း သိရသည်။

နိုင်ငံရေးဆွေးနွေးမှု ကျင်းပပုံကျင်းပနည်းနှင့် ပတ်သက်၍ အစိုးရဘက်မှ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ စသည့်ရှစ်ပွင့်ဆိုင်ပုံစံနှင့် ပြုလုပ်ရန် အဆိုပြုထားပြီး NCCT ဘက်မှ နိုင်ငံတော် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ စသည့်သုံးပွင့်ဆိုင်ပုံစံဖြင့် အဆိုပြု ထားခြင်းဖြစ်သည်။

NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက “နိုင်ငံရေးကို ဆွေးနွေးတဲ့နေရာမှာ ဘယ်နှပွင့်ဆိုင်ပုံစံနဲ့ တင်မလဲ။ အန်ကယ်တို့က သုံးပွင့်ဆိုင်၊ အစိုးရဘက်က ရှစ်ပွင့်ဆိုင်၊ အချို့အဖွဲ့အစည်းတွေက လေးပွင့်ဆိုင်၊ ခြောက် ပွင့်ဆိုင်တွေတင်တယ်။ အဲဒါ ပုံမကျသေးဘူး။ အခုကတော့ ၉ဝ ရာခိုင်နှုန်းကျော် အောင်မြင်မှုရနေပြီ။ ဒါပေမဲ့ ကျန်တဲ့ ၁ဝ ရာခိုင်နှုန်းထဲမှာ အဲဒီသုံးပွင့်ဆိုင်နဲ့ ရှစ်ပွင့်ဆိုင်ဆိုတဲ့ ပြဿနာက နည်းနည်းတစ်ဆို့နိုင်တဲ့ အခြေအနေမျိုး ဖြစ်နိုင်တယ်” ဟု ပြောကြားသည်။

“အန်ကယ်တို့မြင်တာက နိုင်ငံတော်အစိုးရခွင်ဆိုရင် အစိုးရရော၊ လွှတ်တော်ရော၊ တပ်မတော်ရော တစ်ခု တည်းဖြစ်ဖို့ လိုတယ်။ အန်ကယ်တို့ဘက်ကလည်း တစ်ခုတည်းဖြစ်ဖို့ လိုတယ်။ ဒါမှ တန်းတူညီမျှမှုရှိမယ်။ အန်ကယ်တို့ ဒီလိုမြင်တယ်။ ဒါပေမဲ့ ဟိုဘက်ကတော့ လက်မခံသေးဘူး” ဟု ၎င်းကဆက်လက်ပြောကြား သည်။ 

တိုင်းရင်းသားများဘက်မှ တင်ပြထားသည့် သုံးပွင့်ဆိုင်ဆိုသည့် အထဲတွင် ရှစ်လေးလုံးကာလကတည်းက ပေါ်ပေါက်လာသည့် နိုင်ငံရေးပါတီများ၊ ၂ဝ၁ဝ ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ ပါဝင်ကြောင်း၊ ၎င်းတို့၏ အခန်းကဏ္ဍကို မေ့ထား၍မရကြောင်း၊ ၎င်းတို့၏ပါဝင်မှုကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက လေးစားသည်ဟု NCCT မှ ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားထားသည်။

တိုင်းရင်းသားများဘက်မှ တင်ပြထားသည့် သုံးပွင့်ဆိုင်ဆိုသည့်အထဲတွင် မပါဝင်သော ပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စီးပွားရေးအင်အားစုများကို လုံးဝပစ်ပယ်ထားခြင်းမျိုး မဟုတ်ဘဲ ၎င်းတို့နှင့် သက်ဆိုင်သည့် ကဏ္ဍများရှိ ပြဿနာများ ဖြေရှင်းရာတွင် နည်းလမ်းတစ်မျိုးမျိုးဖြင့် ပါဝင်ရမည်ဟု နိုင်ဟံသာ ကဆိုသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ကွဲပြားနေသည့် ရှစ်ပွင့်ဆိုင်နှင့် သုံးပွင့်ဆိုင်ကိစ္စတွင် ရှစ်ပွင့်ဆိုင်အနေအထားသည် ရှုပ်ထွေးမှုများကို ပိုမိုဦးတည်စေနိုင်သည်။ အထူးသဖြင့် ရှစ်ပွင့်ဆိုင်တွင်ပါ ဝင်မည့် ပညာရှင်များ၊ စီးပွားရေးပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ ဆိုသည်မှာ MPC (Myanmar Peace Center) နှင့် ပတ်သက်ဆက်နွှယ်နေသူများ၊ အစိုးရ၏ Proxy များသာဖြစ်နိုင်ပြီး နိုင်ငံရေးဆွေးနွေးပွဲ ၌ အစိုးရဘက်က အားသာမှုရယူရန် ပြင်ဆင်ထားသကဲ့သို့ ဖြစ်နေသည်။

ထို့ပြင် အစိုးရဘက်က တင်ပြလာသည့် ရှစ်ပွင့်ဆိုင်ဖြင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်မည်ဆိုပါက အမျိုးသား ညီလာခံတွင် အစိုးရက အသာစီးရယူခဲ့သော ဆုံးဖြတ်ချက်များဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဇွတ်အတင်းရေးဆွဲခဲ့သည့် ပုံသဏ္ဌာန်မျိုး ဖြစ်လာနိုင်ပါသည်။

နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဒေါက်တာရန်မျိုးသိမ်းကမူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးသော့ချက် ခေါင်းဆောင်များအကြား ထိရောက်တွင်ကျယ်သော နိုင်ငံရေးစကားဝိုင်း ထိပ်သီးဆွေးနွေးပွဲများကို မဖော်ဆောင်နိုင်သရွေ့ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခရီးရှည်မှာ သောင်မတင်ရေမကျ ဖြစ်နေဦးမည်ဟု ဩဂုတ် ၁၈ ရက်ထုတ် Weekly Eleven သတင်းဂျာနယ်၌ ‘ပြည်သူ့ဆန္ဒကို နင်းခြေ အမျိုးသားညီလာခံဗျူဟာကို ခင်းကျင်း’ ဟူ၍ ဆောင်းပါးရေးသားပြီး သတိပေးထားသည်။

အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပတ်သက်၍လည်း လွန်ခဲ့သော နှစ် ၂ဝ ကျော်က နဝတ အစိုးရနှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံဆွေးနွေးပြီး အစိုးရစိတ်တိုင်းကျ အမျိုးသားညီလာခံ လမ်းကြောင်း ဖော်ဆောင်ခဲ့ခြင်းကို ပြန်လည်သုံးသပ်လျက် မြန်မာနိုင်ငံ၏ နိုင်ငံရေးရှေ့ခရီးကို စနစ်တကျ ပြင်ဆင်သင့်သည်ဟု ဒေါက်တာရန်မျိုးသိမ်းက ရေးသားခဲ့သည်။

ထို့ပြင် “၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရလဒ်နှင့် ပြည်သူ့ဆန္ဒကိုနင်းခြေလျက် အမျိုးသားညီလာခံဗျူဟာ ကို ခင်းကျင်းခဲ့ခြင်း ဖြစ်သည့်နည်းတူ လက်ရှိအခြေအနေ၌လည်း ပြည်သူလူထုအများစု၏ ဆန္ဒသဘောထား အစစ်အမှန်ကို မျက်ကွယ်ပြုလျက် ပြည်ခိုင်ဖြိုးအစိုးရ အလိုကျ MPC ကပံ့ပိုးသည့် နိုင်ငံရေးလမ်းကြောင်းမျိုး ကို ပုံဖော်လာမည်ဆိုလျှင် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် ငါးပါးမှောက်နိုင်သည်” ဟူ၍ ဆောင်းပါး၌ ဒေါက်တာရန်မျိုးသိမ်းက သတိပေးခဲ့သည်။ 

အစိုးရအနေဖြင့် အဖွဲ့အစည်းအချို့မှာပင် ၎င်းတို့ဘက်ကလူများ ထည့်သွင်းပြီး အားသာချက်ရယူရန် ပြုလုပ်လေ့ရှိသည်။

“အစိုးရဘက်ကလူတွေ မများများအောင် ထည့်တာတော့ မကောင်းဘူး။ စာနယ်ဇင်းကောင်စီမှာတောင် အစိုးရဘက်က သုံးပုံနှစ်ပုံ ပါနေတယ်။ ပြီးတော့ ဒီမိုကရေစီ ပုံစံဆိုပြီး မဲနဲ့ဆုံးဖြတ်ရင်လည်း အစိုးရဘက်က လူတွေ အများစုဖြစ်တော့ သူတို့ပဲနိုင်မယ်။ မဆိုင်တဲ့သူတွေ မပါတာ အကောင်းဆုံးပါပဲ” ဟု စာနယ် ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်ဖြစ်ပြီး Eleven Media Group ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာသိန်းမြင့် က ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို အချောသပ်နိုင်ရေးအတွက် အဓိကညှိနှိုင်းရန်ကျန်နေ သည့် အချက်များမှာ အပစ်ရပ်စဲရေး ဆောင်ရွက်ပြီးကာလမှ နိုင်ငံရေးဆွေးနွေးနေသည့်ကာလ ကြားကာ လတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အခြေအနေမပျက် ရပ်တည်ရေးကိစ္စ၊ နိုင်ငံရေးဆွေးနွေးရာ တွင်ပါဝင်မည့် အစုအဖွဲ့ကိစ္စ၊ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရာတွင် မည်သည့်အဖွဲ့များ ပါဝင်မည်ဆိုသည့်ကိစ္စ၊ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရာတွင် အသိသက်သေအဖြစ် ပါဝင်မည့်နိုင်ငံနှင့် ပုဂ္ဂိုလ်များကိစ္စတို့ဖြစ်ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List