Friday, May 23, 2014

အစိုးရနဲ့ NCCT ကြား တပ်ပိုင်း ဆိုင်ရာ သဘောတူမှု ၉၀ ရာခိုင်နှုန်း ရခဲ့လို့ဆို


အစိုးရနဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ​တစ်နိုင်ငံလုံး ​အပစ်အခတ်ရပ်စဲရေး ​ပူးတွဲစာချုပ် ​ညှိနှိုင်းဆွေးနွေးပွဲ ​ဒုတိယနေ့မှာ ​တပ်ပိုင်းဆိုင်ရာ ​ကိစ္စရပ် ​၉၀ ​ရာနှုန်းကျော် ​သဘောတူညီမှု ​ရခဲ့တယ်လို့ ​မြန်မာငြိမ်းချမ်းရေး ​စင်တာက ​ပြောပါတယ်။

သူတို့ရဲ့ ​ပထမနေ့ ​ဆွေးနွေးပွဲမှာလည်း ​တစ်နိုင်ငံလုံး ​အပစ်အခတ်ရပ်စဲရေးမှာပါဝင်မယ့် ​အခန်း ​၃ ​ခန်းကို ​သဘောတူညီမှု ​ရခဲ့သလို ​အခုတခါ ​တပ်ပိုင်းဆိုင်ရာ ​ကိစ္စရပ်တွေမှာ ​သဘောတူခဲ့ကြတဲ့ ​အကြောင်း ​မြန်မာငြိမ်းချမ်းရေး ​စင်တာက ​ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ​ဒေါက်တာ ​မင်းဇော်ဦးက ​ပြောပြပါတယ်။

“အခုကတော့ ​ကျွန်တော်တို့ ​တပ်ပိုင်းဆိုင်ရာ ​ကိစ္စတွေ ​ဆွေးနွေးတယ်။ ​အဲဒီမှာလည်း ​တပ်ပိုင်းဆိုင်ရာ ​ကိစ္စမှာလည်း ​၉၀ ​ရာနှုန်းလောက်ကတော့ ​သဘောတူပြီးသားဖြစ်တယ်ပေါ့။ ​ကျန်တဲ့ ​၁၀ ​ရာခိုင်နှုန်း ​လောက် ​ဆက်ဆွေးနွေးရမယ့်ဟာလေးတွေရှိတယ်။ ​ဒီအပစ်အခတ် ​စောင့်ကြည့် ​လေ့လာ ​ရေးနဲ့ ​ပက်သက်ပြီး ​အသေးစိတ်လေး ​ဆွေးနွေးကြတာရှိတယ်။ 

တစ်ချို့​ပြတ်တဲ့ ​ကိစ္စရပ်​တွေရှိသလို ​တချို့မပြတ်သေးတဲ့ကိစ္စတွေလည်း ​ရှိတယ်ပေါ့နော်။ ကျန်တဲ့ ​နိုင်ငံရေးဆွေးနွေးမှု ​အာမခံချက်ပိုင်းဆိုင် ​ကျန်တဲ့ ​ဟာလေးတွေ ​နည်းနည်း ​ထပ်ဆွေးနွေးမယ်။”

တစ်နိုင်ငံလုံး ​အတိုင်းအတာနဲ့ ​အပစ်အခတ်ရပ်စဲရေး ​စာချုပ်မှာ ​အချက်ပေါင်း ​၁၂၂ ​ချက်ပါဝင်ပြီး ​မနေ့ကအထိ ​အချက် ​၇၇ ​ချက်ကို ​သဘောတူနိုင်ခဲ့တယ်လို့ ​ဆိုပါတယ်။

ကျန်ရှိနေတဲ့ ​အချက်ပေါင်း ​၄၅ ​ချက်ထဲက ​ထက်ဝက်ကျော်ကို ​ဒီတစ်ခေါက် ​ဆွေးနွေးပွဲမှာ ​အပြီးသတ်နိုင်ဖို့ ​ကြိုးစားနေပြီး ​ဆွေးနွေးဖို့ ​ကျန်နေတဲ့ ​အချက်တွေကို ​ဒီကနေ့မှာ ​ထုတ်ပြန်မှာ ​ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ​တပ်ပိုင်းဆိုင်ရာ ​ကိစ္စရပ်အချို့ ​ကျန်ရှိနေသေးတာနဲ့ ​ပက်သက်ပြီး ​ဒေါက်တာ ​မင်းဇော်ဦး က ​ဆက်လက် ​ပြောဆိုခဲ့ပါတယ်။

“ဒီတပ်ပိုင်းဆိုင်ရာမှာ ​စစ်သားသစ် ​စုတဲ့ ​ကိစ္စပေါ့နော်။ ​အပစ်အခတ်ရပ်စဲရေး ​လက်မှတ်ထိုးပြီးပြီ ​ဆိုလိုရှိရင် ​အစိုးရဘက်ကလည်း ​ပြောတာက ​ဒါက ​ငြိမ်းချမ်းရေးကို ​သွားနေတဲ့ ​အချိန်ဖြစ်ပြီ။ ​အဲတော့ ​ငြိမ်းချမ်းရေးကို ​သွားနေပြီ၊ ​ငြိမ်းချမ်းရေးကို ​ဦးတည်ပြီဆိုတော့ ​အင်အားချဲ့တာတို့၊ ​လူသစ် ​စုတာတို့၊ ​မလုပ်ဘဲနဲ့ ​ရှိတဲ့ ​အင်အားကိုဘဲ ​ထိမ်းထားပေါ့နော်။ ​အဲလိုမျိုး ​ဆွေးနွေးတယ်။ ​တိုင်းရင်းသားတွေဘက်ကလည်း ​တစ်ချို့ကလည်း ​ဒါကို ​လောလောဆည်မှာ ​လက်ခံဖို့ခက်တယ် ​ပေါ့။ ​အဲဒါလေးတစ်ခု ​နည်းနည်းကျန် တဲ့ဟာလေးတွေ ​ရှိတယ်။ ​နောက်ပြီး ​တစ်ချို့ ​အသေးစိတ် ​လေးတွေ ​စကားလုံး ​အရပေါ့နော်။ ​ဝေါဟာရအရ ​မကွဲပြားတဲ့ ​ဟာလေးတွေ ​ကျွန်တော်တို့ ​ပြန်ပြီး ​အဓိပ္ပာယ် ​ဖွင့်ရမယ့် ​ဟာလေးတွေ ​ရှိတယ်။ ​ဥပမာဆိုပါစို့ ​အပစ်ရပ်နယ်မြေတို့၊ ​ထိမ်းချုပ်နယ်မြေတို့ ​စသည်ဖြင့် ​ဒါမျိုးလေးတွေကိုလည်း ​ကျွန်တော်တို့ ​အဓိပ္ပယ် ဖွင့်ဆိုရမယ့် ​ဟာလေးတွေရှိပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ​အစိုးရအကြား ​ပြုလုပ်တဲ့ ​တစ်နိုင်ငံလုံး ​အပစ်အခတ် ​ရပ်စဲရေး ​ဆွေးနွေးပွဲဟာ ​ဒုတိယအကြိမ်မြောက် ​ဆွေးနွေးပွဲဖြစ်ပြီး ​တတိယအကြိမ် ​ဆွေးနွေးပွဲကျရင်တော့ ​မူကြမ်းကို ​အပြီးသတ်ဖို့ ​စီစဉ်ထားပါတယ်။

ABC

No comments:

Post a Comment

My Blog List