Thursday, May 22, 2014

အစိုးရနှင့် NCCT တို့၏ ရန်ကုန်ဆွေးနွေးပွဲ၌ အပစ်ရပ်စဲရေး စာချုပ်အတွက် နှစ်ဖက်အကြား ကျန်ရှိနေသည့် ကွဲလွဲချက်များ နည်းပါးအောင်သာ ဆွေးနွေးနိုင်ဖွယ်ရှိ



အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်း ရေးဆွဲရေး ညှိနှိုင်းမှုဆွေးနွေးပွဲတွင် နှစ်ဖက်အကြား ကျန်ရှိနေသည့် ကွဲလွဲချက်များ နည်းပါးအောင်သာ ဆွေးနွေးနိုင်ဖွယ်ရှိပြီး မူကြမ်းအချောသပ်နိုင်ရေး မဖြစ်နိုင်သေးကြောင်း မေ ၂၁ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ပြုလုပ်သော အစိုးရနှင့် NCCT တို့၏ ဆွေးနွေးပွဲ အဖွင့်တွင် နှစ်ဖက်ခေါင်းဆောင်များ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို မေ ၂၂ ရက်အထိ ဆက်လက်ပြုလုပ်သွားရန် ရက်သတ်မှတ်ထားပြီး ဆွေးနွေးပွဲသို့ အစိုးရဘက်မှ UPWC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ UPWC ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်နှင့် တပ်မတော်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ တက်ရောက်ခဲ့ပြီး NCCT ဘက်မှ ပဒိုကွယ်ထူးဝင်း၊ ဒေါက်တာဆလိုင်းလျန်မှုန်း၊ ဗိုလ်မှူးကြီးခွန်ဥက္ကာတို့ တက်ရောက်ခဲ့သော်လည်း ယခင်ဆွေးနွေးပွဲ များတွင် အဓိကပါဝင် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည့် အစိုးရတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် NCCT ဘက်မှ အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာနှင့် ဗိုလ်ချုပ်ဂွမ်မော်တို့ တက်ရောက်နိုင်ခြင်း မရှိပေ။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရန် ညှိနှိုင်းဆောင်ရွက်ရာတွင် လက်ရှိအပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များကို ပိုမိုခိုင်မာလာအောင် မည်ကဲ့သို့ အကောင် အထည်ဖော်မည်၊ နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းနိုင်ရေး ဘယ်လိုအာမခံချက်များ ပေးမလဲဆိုသည့် အချက်နှစ်ချက် သည် နှစ်ဖက်စလုံး၏ ဘုံရည်မှန်းချက်ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။

“အစကနဦးမှာ နှစ်ဖက်က သူ့မူကြမ်း ကိုယ့်မူကြမ်းဆိုပြီး ဆွေးနွေးခဲ့ကြလို့ ခရီးမတွင်ခဲ့ကြပါဘူး။ နှစ်ဖက်ရဲ့ သဘော တူညီချက်နဲ့ မူကြမ်းတစ်ခုတည်း ဖြစ်ရေးဆိုတဲ့ အခြေခံသာ ညှိနှိုင်းခဲ့ကြတဲ့အပေါ်မှာ ပိုမိုခရီးရောက်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဆွေးနွေးမှုစချိန်မှာ နှစ်ဖက်က တင်ပြလာတာတွေကို ပေါင်းလိုက်တော့ အားလုံးပေါင်း ၁၂၂ ချက် ရှိခဲ့ပါတယ်။ အဲဒီထဲက ၇၇ ချက်ကို နှစ်ဖက် သဘောတူညီနိုင်ခဲ့ကြပါတယ်။ ၄၅ ချက်ကတော့ ဆက်လက်ဆွေးနွေး ညှိနှိုင်းရဦးမယ်လို့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ ကျွန်တော်တို့အားလုံး သဘောတူညီခဲ့ကြပါတယ်။ ဆက်လက်ညှိနှိုင်းနိုင်ဖို့ ကျွန်တော့်အနေနဲ့ အစိုးရဘက်က ထိပ်ပိုင်းခေါင်းဆောင်များထံမှာ မူဝါဒ တောင်းခံခဲ့ပါတယ်။ ကျွန်တော်နှစ်ဖက်မှာရှိတဲ့ ကွဲပြားမှုတွေ နည်းနိုင်သမျှနည်းအောင် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခုအစည်းအဝေးမှာ ကျွန်တော်တို့ ဘက်ကလည်း လျှော့နိုင်သလောက်လျှော့ပြီး တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေအနေနဲ့ အစွမ်းကုန်ပူးပေါင်း ဆောင်ရွက်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ၀န်ကြီးဦးအောင်မင်းက ပြောကြားသည်။

ယခုဆွေးနွေးပွဲတွင် NCCT အဖွဲ့ခေါင်းဆောင်အဖြစ် ကိုယ်စားပြု တက်ရောက်လာသူ ပဒိုကွယ်ထူးဝင်းက “ကျွန်တော်တို့ ဧပြီလအတွင်းမှာ တွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာ ကျွန်တော်တို့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းဆိုတဲ့ ကျွန်တော်တို့ မျှော်မှန်းတဲ့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို ကျွန်တော်တို့ ရရှိလာခဲ့တယ်။ ဒီအစည်း အဝေးပွဲမှာကျတော့ ကျွန်တော်တို့ ရရှိလာတဲ့ ပထမမူကြမ်းကနေ ဆက်ပြီးတော့ တကယ့်ခိုင်မာတဲ့ တစ်ပြည်လုံး အပစ် အခတ်ရပ်စဲရေးရရှိတဲ့ အဆင့်ရောက်တဲ့အထိ မတက်နိုင်ပေမယ့်လည်း ဒုတိယမူကြမ်းသဘောဆန်တဲ့ ရှေ့ကိုတက် လှမ်းနိုင်မယ့် လက်မှတ်ကို ကျွန်တော်တို့ ရရှိနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

NCCT အဖွဲ့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ရရှိလာရေးအတွက် ညှိနှိုင်းသည့် အဖွဲ့သာဖြစ်ပြီး အဆုံးအဖြတ် ပေးပိုင်ခွင့်ရှိသော အဖွဲ့အစည်း မဟုတ်သောကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ရရှိနိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အသီးသီး၏ ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုသည် မရှိမဖြစ် လိုအပ်သည်ဟု လည်း ပဒိုကွယ်ထူးဝင်းက အစိုးရအဖွဲ့ ကိုယ်စားလှယ်များကို အသိပေးပြောကြားသည်။

အစိုးရနှင့် NCCT တို့၏ နှစ်ဦးနှစ်ဖက် အားထုတ်မှုကြောင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်း (ပထမအဆင့်) Single Text တစ်ခု ရရှိလာပြီဖြစ်ကြောင်း၊ Single Text ဘုံသဘောတူညီချက်များ အကောင် အထည်ဖော်ရာတွင် ကောင်းမွန်သော အပြုသဘောဆောင်သော စိတ်ထားများနှင့် ဆက်လက်ဖော်ဆောင်သွားကြရ မည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ပြောကြားသည်။

NCCT အဖွဲ့အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး လုပ်ဆောင်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ ခံစားချက်၊ တိုင်းရင်းသား များ၏ ဒုက္ခနှင့် တိုင်းရင်းသားများ ကြုံတွေ့နေရသော ခါးသီးသည့် အတွေ့အကြုံများကို အစိုးရခေါင်းဆောင်ကြီးများက နားလည်ကိုယ်ချင်းစာပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အတူတကွ ဖော်ဆောင်နိုင်ရေး ကြိုးစားပေးရန် NCCT အဖွဲ့မှ ဒေါက်တာဆလိုင်းလျန်မှုန်းက ဆွေးနွေးပွဲအဖွင့်တွင် ပြောကြားသည်။

ဒေါက်တာဆလိုင်းလျန်မှုန်းက “ကျွန်တော်တို့ နှစ်ဖက်ဆွေးနွေးတာလည်း ဒါပထမအကြိမ် မဟုတ်ပါဘူး။ ကျွန်တော်တို့ ယုံကြည်မှုကို အတိုင်းအတာတစ်ခုအထိ တည်ဆောက်ပြီးသား ဖြစ်ပါတယ်။ ပေးဆပ်မှုတွေလည်း အများကြီး ရှိလာပြီ။ အဲဒီအပေါ်မှာ ကျွန်တော်တို့ အခြေခံပြီးတော့ ဒီဆွေးနွေးပွဲမှာပဲ အလဟဿအ ချိန်ဖြုန်းပုံစံမျိုးတော့ မဟုတ်ဘဲနဲ့ တကယ်ပြည်ထောင်စုကြီး တစ်ခုလုံးအတွက်၊ ပြည်ထောင်စုထဲမှာရှိတဲ့ တိုင်းရင်းသားအားလုံး ခံစားနေရသော ဒုက္ခ အားလုံးကို ကျွန်တော်တို့ မျှဝေခံစားပေးတဲ့အနေနဲ့ ၀ိုင်းပြီးတော့ စဉ်းစားပြီးတော့ ပြင်ဆင်ကြရအောင်” ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List