Friday, May 23, 2014

နှစ် ၃၀ သဘာဝဓာတ်ငွေ့ သဘောတူညီချက် ရုရှားနှင့်တရုတ် လက်မှတ်ရေးထိုး


ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် နှစ် ၃၀ သဘာဝဓာတ်ငွေ့ သဘောတူညီချက် တစ်ရပ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ လက်မှတ် ရေးထိုးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ ရုရှားနိုင်ငံသည် ယူကရိန်းအရေးနှင့် ပတ်သက်၍ အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှု ကြုံတွေ့နေရခြင်းကြောင့် စွမ်းအင် ရောင်းချနိုင်ရန် ဈေးကွက်သစ်များ ရှာဖွေလျက် ရှိသည်။

ရုရှားအစိုးရပိုင် ဂက်စ်ပရွန်နှင့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းကြား သဘောတူလက်မှတ် ရေးထိုး လိုက်ခြင်း ဖြစ်ပြီး စာချုပ်တန်ဖိုးမှာ ဒေါ်လာ ဘီလီယံ ၄၀၀ ကျော်လိမ့်မည်ဟု ခန့်မှန်းထားသည်။

“ဈေးက နှစ်ဖက်စလုံး ကျေနပ်စရာ ကောင်းပါတယ်”ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က Rossiya သတင်းဌာနကို ပြောကြားလိုက်သည်။

ရှန်ဟိုင်းမြို့၌ ကျင်းပလျက်ရှိသော ညီလာခံတွင် သဘောတူညီချက် ရေးထိုးလိုက်ခြင်း ဖြစ်ပြီး စွမ်းအင် လိုအပ်နေသော တရုတ်နိုင်ငံကို တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၃၈ ဘီလီယံ ပေးပို့နိုင် မည်ဖြစ်ကာ ၂၀၁၈ ခုနစ်မှ စတင်ပေးပို့မည် ဖြစ်သည်။

“ဆိုဗီယက်နဲ့ ဂက်စ်ပရွန်သမိုင်းမှာ ပမာဏ အကြီးမားဆုံး ကန်ထရိုက်ပါ။ ၁ ထရီလီယံ ကုဗမီတာ ပမာဏ ရှိတဲ့ ဓာတ်ငွေ့တွေ တင်ပို့သွားမှာပါ”ဟု ဂက်စ်ပရွန် ကုမ္ပဏီအကြီးအကဲ အဲလတ်ဇီမီလာက ပြောကြား သည်။

ဆီးရီးယားအရေး၊ ယူကရိန်းအရေးများနှင့် ပတ်သက်၍ အနောက်နိုင်ငံများနှင့် သဘောထား ကွဲလွဲနေသော ရုရှားနိုင်ငံသည် အရှေ့ဘက်သို့ ပိုမိုဦးတည်လာကြောင်း BBC သတင်းတွင် သုံးသပ်ထားသည်။

ထို့အပြင် ဈေးနှုန်းနှင့် ပတ်သက်သည့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး တရုတ်နိုင်ငံက အသာစီး ယူညှိနှိုင်း ခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သည့် ဆယ်နှစ်အတွင်း စွမ်းအင်ထောက်ပံ့ရေး ရင်းမြစ်သစ်များကို ရှာဖွေခဲ့ကာ တာ့မင်နစ္စတန် နိုင်ငံသည် တရုတ်နိုင်ငံ၏ အကြီးမားဆုံး နိုင်ငံခြား သဘာဝဓာတ်ငွေ့ ထောက်ပံ့သူ ဖြစ်ပြီး မြန်မာနိုင်ငံမှ သဘာဝ ဓာတ်ငွေ့များကို ပြီးခဲ့သည့်နှစ်မှ စတင်တင်သွင်းခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List