Tuesday, January 21, 2014

Ocean ကုန်တိုက်နှင့် မျက်နှာချင်းဆိုင် ပြည်လမ်းမပေါ်ရှိ ဂျီအီး-၄ စစ်တပ်အတွင်း မီးလောင်မှုဖြစ်ပွား



မရမ်းကုန်းမြို့နယ်၊ Ocean ကုန်တိုက်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ပြည်လမ်းမပေါ်ရှိ ဂျီအီး-၄ စစ်တပ်အတွင်း ဂိုဒေါင်တစ်လုံး မီးလောင်ကျွမ်းမှု ဇန်နဝါရီ ၂၁ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်က စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင်လာရောက်သတင်းယူသော သတင်းမီဒီယာများကို ယင်းစစ်တပ် အတွင်းရှိ အရာရှိတစ်ဦးက သတင်းဓာတ်ပုံ မရိုက်ရန် တားမြစ်ခဲ့ကြောင်း သိရသည်။
“မီးစလောင်တော့ ညှော်နံမခံနိုင်အောင် ထွက်တယ်။ မီးခိုးလုံးတွေက အူပြီးထွက်လာလို့ Ocean ကုန်တိုက်အပေါ်မှာရှိတဲ့ လူနေတိုက်ခန်းတွေထဲက လူတွေပြေးဆင်းကြရတယ်။ မီးလောင်တဲ့နေရာနဲ့ လူတွေအများကြီးနေတဲ့နေရာက ကားလမ်းတစ်ခုပဲ ခြားတာ စိုးရိမ်းစရာပဲ။ နောက်ပြီး အဲဒီဂိုဒေါင် အတွင်းမှာ ကော်ဆွဲတဲ့ စက်တွေရှိတယ်လို့ သိရတယ်”ဟု Oceanကုန်တိုက်အပေါ်ထပ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ယင်းမီးလောင်မှု ဖြစ်ပွားခဲ့သော ဂိုဒေါင်မှာ အလျားပေ ၈ဝ၊ အနံပေ ၆ဝ ကျယ်ဝန်းပြီး ဂျီအီးတပ်ဝင်းအတွင်း လူနေထိုင်မှုများ ရှိကြောင်း ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ သိရသည်။

“အထဲလည်းပေးမဝင်ဘူး။ ထားပါတော့ ဌာနဆိုင်ရာမို့လို့ ဝင်လို့မရတာ လက်ခံပါတယ်။ ဒါပေမဲ့ အများပြည်သူဧရိယာ ပလက်ဖောင်းပေါ်က ဓာတ်ပုံရိုက်တာကို မောင်းထုတ်တာကတော့ မီဒီယာအပေါ် ဌာနဆိုင်ရာတွေရဲ့ သဘောထားက ပေါ်လွင်တယ်”ဟု ပြည်တွင်းရုပ်သံ မီဒီယာတစ်ခုမှ သတင်းထောက်တစ်ဦးက ပြောကြားသည်။

ဂျီအီး-၄ တပ်အတွင်း မီးလောင်မှုကို မီးသတ်ယာဉ် စုစုပေါင်း ၃၂ စီးခန့် လာရောက် ငြှိမ်းသတ်ခဲ့ပြီး ည ၈ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်ပြီး သတင်းမေးမြန်း ရန်အတွက် မီးလောင်ပြင်အတွင်း ဝင်ရောက်ငြိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ အရာရှိတစ်ဦးကို မေးမြန်းရာတွင်လည်း “ရန်ကုန်တိုင်း ဦးစီးမှူး အထဲမှာ ရောက်နေပါတယ်။ သူ့ကို မေးပါ”ဟူ၍သာ ပြန်လည် ဖြေကြားခဲ့သည်။

မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မရမ်းကုန်းစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ အရာရှိတစ်ဦးက မီးလောင်မှု အကြောင်းရင်းကို မသိရသေးကြောင်း ဖြေကြားခဲ့သည်။



Eleven Media Group

No comments:

Post a Comment

My Blog List