Wednesday, January 22, 2014

ဘားအံငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားမည်



ကရင်ပြည်နယ် ဘားအံမြို့၌ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံး ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို လေ့လာသူအဖြစ် ဖိတ်ကြားမည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ပြောကြားသည်။

KNU ထိန်းချုပ်နယ်မြေ လေးဝါးစခန်းတွင် ဇန်နဝါရီလ ၂၁ ရက်နေ့က ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင်များ ထိပ်သီးအစည်းအဝေး ဒုတိယနေ့တွင် လက်နက်ကိုင်တပ်ဖွဲ့ ၁၈ ဖွဲ့က ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ အစည်းအဝေး၏ ပြောရေးဆိုခွင့် ရှိသူ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ပါဝင် တက်ရောက်ရန် ဖိတ်ကြားမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။“ညီလာခံကို တက်လာတဲ့ တိုင်းရင်းသားအဖွဲ့တွေ အားလုံးရဲ့ သဘောတူညီချက်နဲ့ ဖိတ်မှာပါ” ဟု ၎င်းကဆိုသည်။

ပြည်တွင်းစစ် ရပ်စဲရေးအတွက် ပါဝင် ကူညီလိုကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အစိုးရက တရားဝင် ဖိတ်ကြားလာပါက တက်ရောက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်း ပွဲများတွင် ထုတ်ဖော် ပြောဆိုထားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရန် တိုက်တွန်းကြောင်း ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က ၂၀၁၃ ခုနှစ် ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လိုက ပါဝင်နိုင်သော်လည်း သီးသန့် ဖိတ်ကြားမည် မဟုတ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့်အတွက် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများတွင် အချိန်မရွေး ပါဝင်တက်ရောက်နိုင်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ၂၀၁၃ ခုနှစ်အတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အချို့တွင် ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List