သမ္မတကြီးကတော်က အငြိမ်းစားယူရင် မုန့်ဟင်းခါးရောင်းမယ်လို့ပြောတဲ့သတင်းကိုကြားလိုက်ရတုန်းက Over ဖြစ်တယ်လို့
ထင်လိုက်မိတယ်။ဒါပေမဲ့ သမ္မတကြီးလိုဘဲ "ကင်း"
တဲ့လူကြီးတစ်ယောက် မုန့်ဟင်းခါးနဲ့ ထမင်း၊ ဟင်း ရောင်းနေတာကို
ကိုယ်တိုင်တွေ့မြင်လိုက်ရတော့ .........
တစ်နေ့က သထုံ ဘက်ကိုခရီးထွက်ရင်း ဘီးလင်း က
အောင်ပြည့်စုံ ဆိုတဲ့ ထမင်းဆိုင်မှာ နေ့လည်စာ ၀င်စားဖြစ်တယ်။ ကျွန်တော်တို့အရောက်မှာ ခရီးသည်တင်ကားကြီး ၂စီးက
အထွက်ပါ။
ဆိုင်ထဲမှာ ခရီးသည်တွေစားသွားတဲ့ ပန်းကန်တွေကို သိမ်းခိုင်းပြီး စားပွဲတွေကို ကိုယ်တိုင် သုတ်သင် ရှင်းလင်းနေတဲ့၊ မြင်ဘူးတဲ့ လူကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်။
ဆိုင်က မြန်မာ ထမင်း၊ ဟင်း ရောင်းပြီး မုန့်ဟင်းခါးလည်း တစ်နေကုန် ရောင်းပါတယ်။
ကျွန်တော်တို့လည်း ထမင်း ဟင်းတွေမှာပြီး ဆိုင်အလုပ်သမားကို သေချာအောင် မေးကြည့်လိုက်တော့ " ဟုတ်ပါတယ်၊ အဲဒါ ဆိုင်ရှင်ပါ၊ အဘလွန်းပါ " ဖြေပါတယ်။
အဲဒီအချိန်မှာ ထမင်းဆိုင်ရှင်ကြီး အငြိမ်းစား ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဗိုလ်ချုပ်လွန်းမောင်(ငြိမ်း) ကတော့ စားပွဲတွေ သန့်ရှင်ရေး လုပ်ပြီးလို့ ကောင်တာမှာ ပြန်ထိုင်နေပါပြီ။
ဗိုလ်ချုပ်လွန်းမောင် ဘယ်လိုလူဆိုတာကိုသူနဲ့အတူ သိကျွမ်း၊ ဆက်ဆံ၊ လုပ်ကိုင်ဘူးတဲ့ စစ်ဖက်၊ အရပ်ဖက် ကလူတွေအားလုံး သိကြမှာပါ။
ရိုးသားဖြောင့် မတ်တဲ့သူတစ်ဦးပါ။
တပ်မတော်မှာ စစ်ဆေးရေးချုပ် အထိတာဝန်ထမ်းဆောင်ပြီးမှ အရပ်ဖက်မှာ စာရင်းစစ်ချုပ် တာဝန် ထမ်းဆောင်တာပါ။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဆိုတဲ့ရာထူးဟာ သိကြတဲ့အတိုင်း လုပ်ပိုင်ခွင့် အများကြီးရှိ ပါတယ်။"၀ိုက်" မယ်ဆိုရင် အများကြီးပါ။ "စစ်တောင်း" ဆိုတဲ့စကားတောင် ရှိသေးတာဘဲ။
ဒါပေမဲ့ ဦးလွန်းမောင်ကတော့ ပြောလောက်အောင် ပိုင်ဆိုင်မှုမရှိပါဘူး၊ ဒီနေရာမှာတော့ သမ္မတကြီးနဲ့ အတူတူပါဘဲ။ ဒါကြောင့်မို့လည်း တခြားအငြိမ်းစားလူကြီးအချို့ ကုမ္ပဏီကြီးတွေ၊ လုပ်ငန်းကြီးတွေမှာ ရှယ်ယာ/ ပိုင်ဆိုင်မှုတွေနဲ့ နှပ်နေချိန်မှာ ဦးလွန်းမောင်ကတော့ ကိုယ်တိုင် ကောင်တာထိုင်၊ ကိုယ်တိုင် စားပွဲရှင်းနဲ့ လုပ်နေရတာပေါ့။
ကျွန်တော့် စိတ်ထဲမှာ စွပ်ကျယ်ချိုင်းပြတ်ဝတ်ပြီး ထမင်းဆိုင်မှာ လုပ်နေတဲ့လူနဲ့ ခေါင်းပေါင်းကြီးတွေ၊ တိုက်ပုံ ကြီးတွေ ၀တ်ပြီး မိန့်မိန့်ကြီးထိုင်နေတဲ့ လူတွေကိုနှိုင်းယှဉ်ပြီး " ပန်ကာအောက်မှာ ထိုင်နေတဲ့ သူခိုး " အကြောင်းစပ်ဆိုထားတဲ့ ကဗျာကို သတိရနေတုန်းမှာဘဲ၊ ဘုရားဖူးကား၂စီးဝင်လာလို့ " ကားတွေ ၀င်လာပြီဟေ့၊ ခရီးသည်တွေ ဘာသုံးဆောင်မလဲ မေးကြ " ဆိုတဲ့ အောင်ပြည့်စုံ ထမင်းဆိုင်ရှင်ကြီးရဲ့ အလုပ်သမားတွေကို တပ်လှန့်သံကြောင့် ကျွန်တော့်အတွေးများ ရပ်တန့်သွားပါတော့ တယ်။ ကျွန်တော်ရယ်၊ ဇနီးသည်ရယ်၊ အတူပါလာတဲ့အဖွဲ့တွေက ဗိုလ်ချုပ်လွန်းမောင် အကြောင်းတော်တော် များများ ကြားသိထားတာမို့လို့ လေးစားစွာနဲ့ဘဲ အဘလွန်းကို နှုတ်ဆက်ပြီး ထွက်ခွာ လာခဲ့ပါတော့တယ်။

Credit : Khin Htay
No comments:
Post a Comment