Tuesday, October 22, 2019

ဆရာမများကို ရွာသားများ ရည်းစားစကားပြောခိုင်းသည့် ပဲခူးဝန်ကြီးချုပ် အမှု တိုင်ကြားစာရရှိသော်လည်း မစစ်သေးဟု NLD ပြော


Image may contain: 1 person, standing
ကျောင်းဆရာများကို ကျေးရွာများမှ မပြောင်းရွှေ့စေရန် ရွာသားများ ရည်းစားစကားပြောခိုင်းခဲ့သည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်ပတ်သက်၍ တိုင်ကြားစာများ ရရှိထားသော်လည်း လက်ရှိ အချိန်အထိ စစ်ဆေးမှု မပြုနိုင်သေး ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

"မစစ်ရသေးဘူး။ မစစ်ရသေးတဲ့ဟာတွေအတွက် ကျနော်တို့ မှတ်ချက်ပေးလို့မရပါဘူး။ တိုင်စာရတဲ့အတွက် စစ်ဆေးမှုတော့ လုပ်မှာပါ" ဟု ဒေါက်တာမျိုးညွှန့်က ပြောဆိုသည်။
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာ ၅ ရက်နေ့ ၊ ပဲခူးတိုင်းဒေသကြီး၊ ဒမငယ်သစ်ချိုခြံ၊ လူထုတွေ့ဆုံပွဲတွင် ကျေးရွာ လူထက ပညာရေးဝန်ထမ်း၊ ဆရာ၊ ဆရာမများ နေထိုင်ရေးနှင့်ပတ်သက်၍ တင်ပြရာတွင် ပဲခူးတိုင်းဝန်ကြီးချုပ်က အငြင်းပွားဖွယ်ရာ စကားများကို ပြန်လည် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ပဲခူးတိုင်းဝန်ကြီးချုပ်က " ဝန်ထမ်းအိမ်ရာ မရှိတာကောင်းတယ်၊ ဆရာ၊ ဆရာတွေ ရပ်ထဲ ရွာထဲ နေတော့ ဒီက ရွာသူရွာသားတွေနဲ့ အိမ်ထောင်ကျ၊ အဲဒါမှ ပြန်ပြောင်းမသွားမှာ ပြန်ပြောင်းသွားရင် ဝန်ထမ်းလိုအပ်ချက်ရှိပြီ။လူငယ်လေးတွေကလည်း ဆရာမတွေကို ရည်းစားစကားလိုက်ပြောကြ၊ ဒါမှ ရွာမှာ မြဲမှာ" ဟု ပြောဆိုသည်။
ရန်တက္ကသိုလ်ဆရာ/ဆရာမများသမဂ္ဂမှ ဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူက တိုင်ကြားစာပို့လျှင် အရေးယူမည်ဟု ဆိုသည့်အတွက် တိုင်ကြားစာပေးပို့ထားကြောင်း၊ မြန်မြန်ဆန်ဆန်နှင့် တာဝန်ယူ လုပ်ဆောင်ရန်မှာ NLD ၏ အပိုင်း ဖြစ်ကြောင်း ပြောဆိုသည်။
" သူတို့ကိုတိုင်စာပို့ဆိုလို့ တိုင်စာပို့ထားတယ်။ ကျွန်တော်တို့လုပ်ရမယ့် Process ကကျွန်တော်တို့လုပ်တာပေါ့လေ တင်ရမယ့်အပိုင်းကတော့ ကျွန်တော်တို့အပိုင်းပေါ့။ လုပ်ဆောင်ရမယ့်အပိုင်းကတော့ သူတို့အပိုင်းဖြစ်သွားပြီပေါ့။ သူတို့ဘယ်လောက်တာဝန်ယူနိုင်လည်း မြန်မြန်ဆန်ဆန်တာဝန်ယူနိုင်လားဆိုတဲ့ဟာက သူတို့လုပ်ရပ်ပေါ်မူတည်သွားတာပေါ့။ အဓိကကတော့ ဒီမိုကရေစီအစိုးရလက်ထက်မှာ တာဝန်ယူမှုကို မြှင့်တင်စေချင်တယ်။ လူထုယုံကြည်မှုနဲ့ တက်လာခဲ့ရင် လူထုကိုပြန်ပြီးတော့ တာဝန်ခံတဲ့ဟာမျိုးလုပ်ရင်တော့ အားရစရာကောင်းတာပေါ့။ လူထုတွေမျှော်လင့်တာက အပြောင်းအလဲကို မျှော်လင့်တယ်။ နောက်တစ်ခုက လူထုစကားက စစ်အာဏာရှင်လက်ထက် တစ်လျှောက်လုံးမှာ လူထုစကားမပေါက်ခဲ့ဘူး။ ဒါပေမယ့် လူထုရွေးချယ်တင်မြှောက်ထားတဲ့အစိုးရလက်ထက်မှာတော့ စကားလုံးတွေကပေါက်လာတယ်။ အဲဒီထိရောက်လာတဲ့ စကားလုံးပေါ်မှာပဲ ကျွန်တော်တို့ တာဝန်ယူစေချင်တယ်" ဟု ဒေါက်တာအာကာမိုးသူက ရှင်းပြသည်။
ပဲခူးတိုင်းဝန်ကြီးချုပ်ကမူ ၎င်း ပြောဆိုခဲ့သည့်အတွက် စကားအတွက် တောင်းပန်ပါကြောင်း မီဒီယာများမှတစ်ဆင့် ထုတ်ဖော်ပြောဆိုထားသည်။
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ၎င်း၏ အရပ်ဆန်စကားများကြောင့် မကြာခဏ ဆိုသလို ဝေဖန်ခံရသူ ဖြစ်ပြီး ဦးဝင်းသိန်း သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီ ပါတီ၏ ရေတာရှည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်သည်။



Khit Thit Media

No comments:

Post a Comment

My Blog List