Monday, February 29, 2016

လွှတ်တော်မေးခွန်းနှင့်အဆို အစိုးရမဖြေခြင်းအပေါ် ပြည်သူ့အသံ


လွှတ်တော်၏ မေးခွန်းနှင့် အဆိုများကို အစိုးရအဖွဲ့ သွားရောက်ဖြေ ဆိုခြင်းအား ဆိုင်းငံ့ထားပြီးဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ ပြောကြားမှုအပေါ် အငြင်းပွားမှုများစွာ ထွက်ပေါ်နေသည်။ ဦးရဲထွဋ်က လက်ရှိအစိုးရသည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ကိုသာ တာဝန်ခံရခြင်းဖြစ်ပြီး ဒုတိယအကြိမ် လွှတ်တော်ကို တာဝန်ခံရခြင်းရှိ၊မရှိ ဥပဒေအရ ပြန်သုံးသပ်ရမည်ဟု ဆိုထားသည်။ ထို့ကြောင့် အစိုးရက လွှတ်တော်သို့ မေးခွန်းနှင့် အဖြေများ သွားရောက်မဖြေဆိုမှု၊ အစိုးရနှင့် လွှတ်တော်၏ တာဝန်ခံမှုများနှင့်ပတ် သက်၍ အမြင်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။
ကိုကျော်လင်း (စီးပွားရေးလုပ်ငန်းရှင်၊ ရေနံချောင်းမြို့)

ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာတော့လည်း သမ္မတက လွှတ် တော်ကို တာဝန်ခံရမယ်ပဲပါတယ်။ ရှေ့လွှတ်တော်၊ နောက်လွှတ်တော် အသစ်အဟောင်း ခွဲပြောတာမတွေ့မိဘူး။ ဘာပဲပြောပြော ပြည်သူ့ကိုယ် စား ဒီလွှတ်တော်ကိုယ်စားလှယ်တွေက မေးမြန်းတဲ့အခါမှာ အစိုးရက လာကိုလာရောက် ဖြေကြားသင့်တယ်။ ကျန်းမာရေးမကောင်းလို့၊ နိုင်ငံခြားသွားနေလို့ဆိုရင် နားလည်ပေးလို့ရသေးတယ်။ ပြောပြတာ။ ဒါတောင် ကိုယ်စားဖြေကြားရမယ်။ အဲဒါကို မလာဘူးဆိုတော့ လွှတ် တော်ရော၊ ပြည်သူရောတင်မကဘူး။ ဒီမိုကရေစီစနစ်ဆိုတာကိုပါ မလေးစားတာပဲလေ။ ခုံရုံးဖွဲ့ပြီး စစ်တာမျိုးမှမဟုတ်ဘဲ။ ဖြေသင့်တာ တော့ လေးလေးစားစား လာရောက်ဖြေကြားသင့်တယ်။ အခုက ဒီလိုတွေဖြစ်လာတော့ ဖွဲ့စည်းပုံမှာ လုံးဝကို တိကျတဲ့အသုံးအနှုန်းနဲ့ ပြင်ဆင်ဖို့လိုနေပြီ။ ပြင်ရမှာက အများကြီးပဲ။

ဦးထွန်းထွန်းဟိန်(ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ)

အခုပြည်ထောင်စုအစိုးရဆိုတာ ပြည်သူတွေက တင်မြှောက်လိုက် တဲ့ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်ကို ခန့်အပ်ထားတာပါပဲ။ ဒု တိယအကြိမ်ပြည်ထောင်စုလွှတ်တော်ဆိုတာလည်း ပြည်သူတွေကပဲ ရွေးချယ်တင်မြှောက်ထားတဲ့အတွက် အစိုးရကတာဝန်ခံရပါလိမ့်မယ်။ အစိုးရဘက်က အရေးကြီးအဆိုတွေကို လာမဖြေတာဟာ မဖြစ်သင့်ပါ ဘူး။ ပြည်သူတွေက ရွေးထားတယ်ဆိုတဲ့အစိုးရက ပြည်သူ့ကိုယ်စားလှယ် တွေက ပြည်သူတွေကိုယ်စားမေးတာကိုလာမဖြေတာဟာ မဖြစ်သင့်တဲ့ ကိစ္စပါ။ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေ နဲ့ ကျင်းပနေတဲ့လွှတ်တော်ကိုတာဝန်မခံတာဟာ ပြည်သူတွေကိုတာဝန် မခံတာပါပဲ။ အစိုးရက လွှတ်တော်ကိုလာမဖြေတာဟာ တကယ်တော့ဖွဲ့ စည်းပုံအခြေခံဥပဒေအားနည်းချက် ကြောင့်မဟုတ်ပါဘူး။ ဒီကိစ္စကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်စရာမလိုပါဘူး။ ဒါဟာ စကားကိုကတ်ပြီး ပြောတာသက်သက်ပါပဲ။

ဒေါက်တာအေးမောင်(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း)

ပြည်ထောင်စုအစိုးရက လွှတ်တော်နှစ်ရပ်လုံးကို တာဝန်ခံမှုအကူး အပြောင်းက ညက်ညောမှာပါ။ အစိုးရက လွှတ်တော်ကို တာဝန်ခံရမှာ ဖြစ်တဲ့အတွက် လွှတ်တော်ကိုလာဖြေသင့်တာပေါ့။ ဖြေကြားရမယ့်တာ ၀န်ရှိတယ်လို့ သတ်မှတ်တယ်။ ဒါပေမဲ့မဖြေရင်ရော တာဝန်ပျက်ကွက် တယ်လို့ သတ်မှတ်လို့ရအောင် ပြဋ္ဌာန်းထားတဲ့ဥပဒေတော့ မတွေ့မိသေး ဘူး။ ပြည်ထောင်စုလွှတ်တော်အတွင်းမှာ အကူးအပြောင်းကာလအဆင် ပြေချောမွေ့အောင် လိမ်လိမ်မာမာလေးဖန်တီးပေးသင့်တာပေါ့။ ဖွဲ့စည်း ပုံအခြေခံဥပဒေကလည်း လက်တွေ့ကျင့်သုံးမှ အားနည်းချက်အားသာ ချက်တွေ့ရတာမျိုး။ ပြင်ဖို့အခွင့်အရေးပေးထားပေမယ့် ပြင်ဖို့ခက်တယ်။ အခုကိစ္စက အသွင်မတူတဲ့အစိုးရနှစ်ရပ်ရဲ့အပြောင်းအလဲဆိုတာနား လည်ဖို့လိုတယ်။ ရီပက်ဘလေကန်ကနေ ဒီမိုကရက်တစ်ပါတီကို ပြောင်းတာမဟုတ်ဘူး။ အစိုးရတစ်ရပ်ကတော့ သူရဲ့နောက်ဆုံးနေ့အထိအခွင့် အာဏာရှိတာပေါ့လေ။ နောက်တက်မယ့်အစိုးရက စိုးရိမ်စရာတော့ရှိတာပေါ့။ အရင်အစိုးရက အကုန်လုပ်သွားမှာကိုလေ။ အစိုးရက သူ့သက်တမ်းနောက်ဆုံးအချိန်အထိ လုပ်ပိုင်ခွင့်ရှိတယ်။ တစ်ဖက်ကလည်း လွှတ်တော် ကိုတာဝန်ခံဖို့လိုပါတယ်။

ဦးသန်းတင်(ကျောင်းဆရာ၊ ချောက်မြို့)

တိုင်းပြည်အပေါ်မှာ စေတနာမရှိတဲ့အပြောပေါ့ဗျာ။ ဘယ်လွှတ် တော်ပဲဖြစ်ဖြစ်၊ ဘယ်အစိုးရပဲဖြစ်ဖြစ် ဒီမိုကရေစီမှာ အပြင်အလှန်ထိန်း ကျောင်းကြတဲ့စနစ်မို့ လာရောက်ရှင်းပြတာတွေ၊ ပြောဆိုတာတွေက လုပ်ကိုလုပ်သင့်တဲ့ကိစ္စပါ။ မကြာမီ တက်လာတော့မယ့် အစိုးရသစ် အတွက် အခက်အခဲတွေ အကျပ်အတည်းတွေဖြစ်အောင်များ လုပ်နေ သလားလို့ကို ထင်မိတယ်။ ပြည်သူက ယုံကြည်ကိုးစားလို့ ကိုယ်စား လှယ်အဖြစ် ရွေးချယ်ပေးခဲ့တာပဲ။ ပြည်သူ့အတွက် အလုပ်တွေ လုပ်ကြ တဲ့အခါ ဒီလို တာဝန်မဲ့စကားမျိုး ပြောတာက တကယ့်ကို ပြည်သူကို အလေးမထားတဲ့ စိတ်ဓာတ်တွေပေါ့။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက အများကြီးကို ပြင်ရမှာပါ။

ဦးမင်းသူ

(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

အစိုးရအဖွဲ့က ဒီလိုပြောဆိုနေတာတွေကတော့ တာဝန်မဲ့စကား ပြောတယ်လို့ ဒီလိုပဲသုံးသပ်တယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ တိုးတက် ဖို့အတွက်၊ နိုင်ငံတိုးတက်ဖို့အတွက် ဆောင်ရွက်လိုစိတ်ကင်းမဲ့နေတာ ကို ဖော်ပြတာလည်းဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဥပဒေပြု မဏ္ဍိုင်ရှိမယ်၊ တရားစီရင်ရေးမဏ္ဍိုင်ရှိမယ်၊ အုပ်ချုပ်မှုမဏ္ဍိုင်ရှိမယ်။ ဒီသုံးခုနဲ့ ဖွဲ့စည်းထားတာ အဲဒီတော့ အုပ်ချုပ်ရေးမဏ္ဍိုင်မှာပါတဲ့ အစိုးရ အဖွဲ့ကလည်း လောလောဆယ် တာဝန်ယူထားတဲ့အစိုးရအဖွဲ့ဟာ ပထမအကြိမ်တို့၊ ဒုတိယအကြိမ် သက်တမ်းတို့ ဒီလိုပြောကြေးဆိုတာဟာ ဒီမိုကရေစီနိုင်ငံတွေရဲ့ သဘောတရားတွေကို မသိတာပါ။ နိုင်ငံအတွက် လုပ်ပေးချင်စိတ်နည်းတယ်ဆိုတာ ပြောရမှာ။ အထူးသဖြင့် တာဝန်ခံမှု၊တာဝန်ယူမှု လုံးလုံးမရှိတာပဲ။ ဟိုသက်တမ်း၊ ဒီသက်တမ်းအကြောင်းပြ နေတာလည်း ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဘာမှမဆိုင်ဘူး။ ဖွဲ့စည်း ပုံအခြေခံဥပဒေကို လိုချင်တဲ့အချိန်ထိတယ်၊ မလိုချင်တဲ့အချိန်မထိဘူး ဆိုတာ သဘောမမှန်တာမျိုး၊ အစိုးရတာဝန်ယူစိတ်ကင်းမဲ့တယ်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထည့်ပြောစရာကို မလိုတဲ့ကိစ္စဖြစ်တယ်။ အစိုးရတစ်ရပ်ဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် တာဝန်ခံမှု တာဝန်ယူမှုဆိုတာ ရှိရမှာ။ ပထမအကြိမ်သက်တမ်းတို့၊ ဒုတိယအကြိမ်သက်တမ်းတို့ ကိုယ်စားပြုတယ်တဲ့။ တကယ်တမ်းတော့ ကိုယ်စားပြုတယ်ဆိုတာ ပြည်သူတွေကို ကိုယ်စားပြုရမှာ။ ပြည်သူတွေအကျိုးအတွက်ဆို အစိုးရတစ်ရပ်မှာ သက်တမ်း ရှိနေသမျှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမယ်။

ဦးသိုးထိန်း (အုပ်ချုပ်ရေးအရာရှိဟောင်း)

ဦးရဲထွဋ်က ခြေဥရဲ့ဘယ်ပုဒ်မတွေကို ရည်ညွှန်းချင်တာလဲဆိုတာ ကို ပြန်မေးခွန်းမေးရပါမယ်။ ခြေဥမှာ သမ္မတဟာ ဘယ်လွှတ်တော်ကိုပဲ တာဝန်ခံရမယ်ဆိုတာ မပြဋ္ဌာန်းထားဘူး။ ဒါက လက်လွတ်စပယ်ပြော သလိုဖြစ်နေတယ်။ သမ္မတက လွှတ်တော်နဲ့ ညှိနှိုင်းသဘောတူညီချက် တွေရယူပြီးမှ လုပ်လို့ရမယ့်အလုပ်တွေ အများကြီးရှိတယ်။ ပြည်ပက ကျူးကျော်လာတဲ့စစ်ပွဲ တိုက်တာ၊ ရပ်တာ၊ နိုင်ငံအချင်းချင်း ဆိုင်ရာ စာချုပ်တွေချုပ်တာ၊ သံတမန်တွေခန့်တာ နောက်ပြီးတော့ လိုအပ်ရင် သမ္မတက လွှတ်တော်ကို ခေါ်ရမယ်။ အခုဆို ခေါ်စရာလွှတ်တော်မရှိ တော့သလိုဖြစ်နေတယ်။

အရေးကြီးလို့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ထုတ်ပြန်ပြီးရင် လွှတ်တော်မှာ အတည်ပြုချက်ယူ ရမယ်။ အခုပုံဆို အတည်ပြုချက်ယူစရာ လွှတ်တော်မရှိဘူး။ ပြီးတော့ မတ်လထဲမှာ ဘတ်ဂျက်နောက် ဆက်တွဲတွေ ပေါ်လာရင် ဘယ်လွှတ်တော်ကိုတင်မှာလဲ။

ခြေဥမှာ အခုလို ရှေ့ကသမ္မတနဲ့ နောက်လွှတ်တော်မဆိုင်ဘူး ပြဋ္ဌာန်းထားရင်တောင် နိုင်ငံ့အကျိုးအတွက် အရေးကြီးလာရင် အစိုးရနဲ့ လွှတ်တော်ပူးပေါင်းဆောင်ရွက်သင့်တဲ့ဟာကို အခုလိုပြောလိုက်တာကတော့ တာဝန်မဲ့တာကို ပေါ်လွင်စေပါတယ်။

လွှတ်တော်ကို ထမင်းသိုးဟင်းသိုး ရုပ်ပြလွှတ်တော်လို့ သဘောထားသလို ဖြစ်နေပါတယ်။ အခုလွှတ် တော်ကတော့ ပြည်သူတွေရဲ့ လွှတ်တော် ၇၄ ဒသမ ၉၉ ရာခိုင်နှုန်းလောက် အစစ်ဖြစ်နေတဲ့အတွက် လွှတ် တော်ကို တာဝန်မခံရင် ပြည်သူတွေကို တာဝန်မခံတာပါပဲ။

ခြေဥကို ပြင်မယ်ဆိုရင် သမ္မတသည် လွှတ်တော်ကိုတာဝန်ခံရမယ် ဆိုတဲ့နေရာမှာ တည်ဆဲလွှတ်တော်လို့ ထပ်ဖြည့်လိုက်ရင် အဆင်ပိုပြေမှာပါ။ ပြင်မယ်ဆိုရင်တော့ ခြေဥက အားလုံးလိုလို ပြင်ရမှာပါ။ နောက် ဆုံးပြောရရင် ဦးရဲထွဋ်ပြောဆိုတာဟာ တာဝန်မဲ့တယ်။ အစိုးရက အခုလိုပြောခိုင်းသလားဆိုတာ သူပဲသိမယ်။ ပြောခိုင်းတာဆိုရင် အစိုးရလည်း တာဝန်မဲ့တယ်။ သူ့ဘာသာပြောတာဆိုရင် သူတာဝန်မဲ့တယ်။

မမိုးမိုးလွင် (ကုန်စုံဆိုင်၊ အောင်လံမြို့)

တာဝန်မဲ့တဲ့စကားပြောတယ်လို့ ထင်ပါတယ်။ အစိုးရသစ်ဖွဲ့မပြီး မချင်း အခုအစိုးရမှာ တာဝန်အပြည့်အဝရှိပါတယ်။ အခုလွှတ်တော် ကိုယ်စားလှယ်တွေက အစိုးရအလိုတော်ကျ လွှတ်တော်ကိုယ်စားလှယ် တွေမဟုတ်လို့များ လာမဖြေသလားလို့။ မဖြစ်သင့်ပါဘူ။ ပြည်သူ့ဆန္ဒ တွေကို မျက်ကွယ်ပြုတာပါ။ ပြည်သူကလည်း အခုလို မေးမြန်းတာမျိုး ကြိုဆိုတယ်။ ကျွန်မဆို အခုလွှတ်တော်လိုင်းကို ကြည့်ဖြစ်နေတယ်။ လွှတ်တော်ထဲမှာ ဆွေးနွေးရမယ်၊ ငြင်းခုံရမယ်။ ပြည်သူ့အတွက် အဲဒီလို အပြိုင်အဆိုင် လုပ်ပြရမှာပါ။ အခုက အဲဒီလို မဖြစ်ဘူး။ ဖွဲ့စည်းပုံက ပြင်ရမှာပဲ။ တိတိကျကျဖြစ်အောင် ပညာရှင်များနဲ့တိုင်ပင်ပြီး ပြည်သူ လူထုအတွက် အကျိုးရှိစေမယ့် ဥပဒေတွေ ထည့်သွင်းသင့်ပါတယ်။

ကိုအောင်ဆန်းမြင့်(ဟုမ္မလင်းမြို့)

လက်ရှိလွှတ်တော်ကို အသိအမှတ်မပြုတဲ့သဘော သက်ရောက် တယ်။ အရေးကြီးအဆိုတင်တာတွေနဲ့ပတ်သက်ပြီး အခုလက်ရှိ အစိုးရ က သူတို့နဲ့မဆိုင်ဘူးဆိုတဲ့သဘော သက်ရောက်တယ်။ နောက်တက် လာမယ့် အစိုးရကို တာဝန်ယူခိုင်းတဲ့သဘော။ လက်ရှိအစိုးရက လုပ် ထားတဲ့အရာအားလုံးကို သူတို့မဆိုင်တော့ဘူးဆိုတဲ့သဘော။ ဒါကမဖြစ်သင့်ဘူး။ ဖြေရှင်းလို့ရတဲ့အရာတွေ ဖြေရှင်းပေးရမှာ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရဆိုပြီး ၅၉(စ)ကို ပြင်ရမယ်။

ဦးရဲထွန်း(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

ဦးရဲထွဋ်ပြောတာဟုတ်ပါတယ်။ အမှန်ကရွေးကောက်ပွဲရက်နဲ့ အ စိုးရအကူးအပြောင်းနဲ့ အရမ်းကွာနေလို့ ဒီလိုမဖြစ်သင့်တာတွေဖြစ်နေ တာ။ သူ့ဥပဒေအရတော့ပထမအကြိမ်ရွေးကောက်ပွဲက ပေါ်လာတဲ့အစိုး ရက ပထမအကြိမ်လွှတ်တော်ကိုပဲ တာဝန်ခံရမှာပေါ့။ အခုအစိုးရအ ပြောင်းအလဲကာလက အရမ်းကို ကွာဟနေတော့ လက်ရှိအစိုးရက သူ လုပ်ချင်တာတွေတွန်းလုပ်နေလို့ အခုလိုဖြစ်နေရတာ။ အဲဒီအတွက်အ စိုးရအဖွဲ့အကြီးအကဲဖြစ်တဲ့ သမ္မတကို လွှတ်တော်ကအရေးယူမယ်လို့ အမြင့်ဆုံးစွပ်စွဲပြစ်တင်လုပ်လို့ပဲရမယ်။ အဲဒီလိုလုပ်ဖို့ကျတော့လည်းအစိုးရသက်တမ်းက ဘာမှမရှိတော့တာမဟုတ်တဲ့အတွက် လွှတ်တော်ကလည်း လုပ်မှာမဟုတ်ဘူး။ ဦးရဲထွဋ်ပြောပုံအရ လွှတ်တော်မှာအဆိုပဲတင်တင်၊ မေးခွန်းပဲမေးမေး သူတို့နောက်လာဖြေမှာမဟုတ်တော့ဘူး။ ပြောစရာ၊ မေးစရာရှိရင် သူတို့နဲ့ NLDကြားမှာ ညှိနှိုင်းတဲ့အဖွဲ့ကပဲတစ်ဆင့် လုပ်ဖို့ပြောတဲ့သဘောပေါ့။ လာမဖြေရင်လည်းဘာဖြစ်လဲ။ အရေးယူချင်လည်းယူပေါ့။ သိပ်မကြာခင်ပဲပြုတ်တော့မှာ ဘာဖြစ်ဖြစ်ဆိုတဲ့ သဘောဖြစ်နေတာပေါ့။ ဒါကတော့ ဥပဒေကြောင်းအရတော့ဟုတ်တယ်။ ဒါပေမဲ့ တာဝန်ယူစိတ်ရှိတဲ့ နိုင်ငံရေးသမားဆိုရင်တော့ လာပြောသင့်တယ်။ ရှင်းပြသင့်တယ်။ အဲဒီလိုလုပ်ရင် ကိုယ့်အစိုးရအဖွဲ့ရဲ့ ရိုးသားမှုကိုဖော်ပြရာလည်းရောက်ပါတယ်။

နောက်ပိုင်းကို ဒီလိုတွေမဖြစ်အောင်ဆိုရင် အစိုးရအပြောင်းအလဲ လုပ်ရမယ့် ရက်မတိုင်ခင် တစ်လအလိုလောက်မှ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲတွေလုပ်ပေးသင့်တယ်။ အခုရက်က အရမ်းကွာနေ တော့ ရွေးကောက်ပွဲပြီးသွားတာတောင် ကျွန်တော်တို့လွှတ်တော်တစ် ကြိမ်တက်လိုက်ရသေးတယ်။ ဒါကြောင့်နောက်ရွေးကောက်ပွဲကော်မရှင်အသစ်က အစိုးရသက်တမ်းမကုန်ခင်တစ်လလောက်မှာ ရွေးကောက်ပွဲလုပ် ပေးလိုက်တယ်ဆိုရင် ဒီပြဿနာတွေပြေလည်နိုင်ပါတယ်။

ကိုကျော်ဝေဖြိုး

(We are Citizen-မုံရွာမြို့)

ပုဒ်မ ၂၀၃အရ ရှင်းရှင်းလင်းလင်းပြဋ္ဌာန်းထားပြီးသားမို့ သမ္မတနဲ့ တကွ အစိုးရအဖွဲ့ဟာ ဘယ်သက်တမ်းမှာမဆို ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရပါလိမ့်မယ်။ ဒါကြောင့် ပြန်ကြားရေးဝန်ကြီးပြောတဲ့စကားက ရှောင်လွှဲချင်တာကြောင့်ပြောလိုက်တယ်လို့ပဲ မြင်ပါတယ်။ အရေးကြီး အဆိုတွေ လာမဖြေရှင်းတဲ့ အချက်ဟာ လက်ရှိအစိုးရက ကိုယ်ကျိုးစီး ပွားကို အထိခိုက်မခံနိုင်ဘူးဆိုတဲ့ သဘောလို့ပဲမြင်ပါတယ်။ အရင်ကအ ကျိုးစီးပွားမထိခိုက်သေးတဲ့မေးခွန်းတွေတော့ လာဖြေရှင်းပါသေးတယ်။ ပြည်သူက ရွေးတဲ့လွှတ်တော်ကိုတာဝန်မခံတာဟာ ပြည်သူကို တာဝန်မ ခံတာနဲ့ အတူတူပဲဆိုတာကတော့ သံသယကိုရှိစရာမလိုတဲ့ကိစ္စပါ။ ဖွဲ့ စည်းပုံပါ ကြားကာလပြဋ္ဌာန်းချက်တွေကို ပိုပြီးတိတိကျကျဖြစ်ဖို့ ပြင်ဆင်ရမှာပါ။ လက်ရှိအတိုင်းလည်း ရှင်းလင်းပါတယ်။ ဒါပေမဲ့ အခုလို လိုရာဆွဲမှု တွေမြင်လာရတော့ ပိုတိကျအောင်ပြင်ဆင်ရတော့မှာပေါ့ဗျာ။

ဒေါက်တာရန်မျိုးသိမ်း

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဦးသိန်းစိန်အစိုးရက ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ကိုသာ တာဝန်ခံရပြီး ဒုတိယအကြိမ်ပြည် ထောင်စုလွှတ်တော်ကို တာဝန်ခံခြင်းရှိ၊မရှိပြန်သုံးသပ်ရမယ်ဆိုတာ ကျိုး ကြောင်းဆီလျော်မှု၊ ခိုင်လုံမှုလုံးဝမရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၃အရ သမ္မတကို ရွေးကောက်တင်မြှောက်ခဲ့တဲ့ ပြည်ထောင်စုလွှတ် တော်ကို တာဝန်ခံရမယ်လို့ဖော်ပြထားခြင်းမရှိဘဲ ဥပဒေပြုရေးအာဏာ ကိုင်စွဲထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုတာဝန်ခံရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ အစိုးရက လွှတ်တော်ကို အရေးကြီးအဆိုတွေ လာဖြေဖို့ ပျက်ကွက်ခဲ့တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၃ကို ဖောက်ဖျက် ရာရောက်၊မရောက်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေနဲ့ ဒါကိုအဆုံးအဖြတ်လုပ်ဖို့လိုအပ်တယ်။ ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့လွှတ်တော်ကို တာဝန်ခံဖို့ ပျက်ကွက်တာဟာ ပြည်သူလူထုကို မျက်နှာမူရာမရောက်ဘူး။ ပြည်သူလူထုကို ကျောခိုင်းတဲ့သဘော သက်ရောက်တယ်လို့ပြောလို့ရတယ်။

ဦးနေမျိုး
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု အနိုင်ရညောင်ရွှေ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

လွှတ်တော်မှာမေးတဲ့ မေးခွန်းတွေ လာမဖြေတာက တာဝန်ခံမှုမရှိ တာဘဲ။ လုပ်ချင်တဲ့အလုပ်ဆိုရင်တော့ ဇယား (၁၊ ၂) တွေနဲ့ လုပ်နေကြ တယ်။ ပြည်သူ့အကျိုးစီးပွားအတွက်ဆိုရင် မလုပ်ဘူး။ အတ္တအကျိုး စီးပွားအတွက်ဆိုရင်တော့ ကျော်လုပ်နေကြတယ်။ အာဏာလွှဲပြောင်း ရေးအတွက် အလုပ်တွေလုပ်နေတဲ့အတွက် မအားဘူးပြောတယ်။ လွှတ်တော်မှာ လာဖြေဖို့ကိစ္စက လွှတ်တော်ဆိုတာ အစိုးရနဲ့ ပြည်သူ ကြားမှာ ပြည်သူသိချင်တာကိုမေးချင်တာ၊ ကြားချင်တာကို အစိုးရက လုပ်ပေးရမှာ။ ဒါမှလည်း ပြည်သူတွေဘက်က နှစ်သိမ့်နိုင်မှာလေ။ အဲဒါကို လာမဖြေဘူးဆိုတော့ အစိုးရက ပျက်ကွက်တာပဲ။ ရွေးကောက်ပွဲကာလနဲ့ အာဏာလွှဲပြောင်းရေးကာလကြားထဲမှာ လေးလကြာတယ်။ လွှတ်တော်အသစ်နဲ့ လွှတ်တော်အဟောင်း သက်တမ်းကြားမှာ နှစ်လကြာတယ်။ အဲဒါတွေက အခက် အခဲတွေဖြစ်နေတယ်။ အဲဒီလိုမျိုး ကာလကြီး ခြားနေတာတွေကို ဖွဲ့စည်းပုံကတစ်ဆင့် ပြင်ဆင်သွားဖို့လိုမယ်။

7Day News Journal

No comments:

Post a Comment

My Blog List