Tuesday, February 09, 2016

အိန္ဒိယရဲ့သင်ခန်းစာနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး


-ညနေခင်းဝတ်ပြုဖို့ ဘုရားရှိခိုးကျောင်းတစ်ခုရဲ့ မြက်ခင်းပြင်ထဲကို ဝတ်ရုံအဖြူရောင်နဲ့ အသက်၇၈နှစ်အရွယ် အဘိုးအိုတစ်ဦး ဖြည်းညင်းစွာ လှမ်းလာနေသလို အဲသည်အဘိုးအိုကို ထောက်ခံသူတွေဟာလည်း မြက်ခင်းပြင်ကွင်းထဲမှာ ပြည့်ကျပ်နေပါတယ်။
ဒါပေမဲ့ အသက်၇၈နှစ်အရွယ် အဘိုးအိုဟာ ဘုရားရှိခိုးကျောင်းထဲသို့ မရောက် သေးခင်မှာပဲ လူအုပ်ကြားကနေ သေနတ်သံသုံးချက်ထွက်လာပြီး နောက်မှာတော့ လဲကျသွားပါတယ်။

၁၉၄၈ခုနှစ် ဇန်နဝါရီလ ၃၀ရက်နေ့ ညနေ၆းဝ၀နာရီဝန်းကျင်မှာ အိန္ဒိယအမျိုး သားလွတ်လပ်ရေးခေါင်းဆောင်ကြီးတစ်ဦး၊ အကြမ်းဖက်မှုကို မလိုလားဘဲ ငြိမ်းချမ်း ရေးကိုလိုလားတဲ့ မဟတ္တမဂန္ဒီဟာ သေနတ်သမားရဲ့ လက်ချက်နဲ့ ကွယ်လွန်ခဲ့ရပါတယ်။

'ငါတို့ဘဝတွေရဲ့ အလင်းရောင်ဟာ ပျောက်ကွယ်သွားခဲ့ပြီ'လို့ အဲသည်နေ့ညနေမှာပဲ အိန္ဒိယနိုင်ငံအစိုးရက ကြေညာပါတယ်။

သူ့ကိုသေနတ်နဲ့ လုပ်ကြံသတ်ဖြတ် သူကတော့ အဲသည်ထောက်ခံနေတဲ့သူတွေနဲ့အတူ ရောယှက်နေတဲ့ အမျိုးသားရေးအစွန်းရောက်တစ်ဦးဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ခြောက်ခုအတွင်း အာရှမှာ ဒီမိုကရေစီထွန်းကားမှု စံပြအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံမှာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးခရီးကို အကြမ်း ဖက်မှုမရှိဘဲ ဖော်ဆောင်ခဲ့ကြတဲ့ အမျိုးသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်ဟာ အစွန်းရောက် ဝါဒီသမားတချို့ နဲ့ အနီးကပ်လူယုံတွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ကြရပါတယ်။

မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီကူးပြောင်းရေးအတွက် အကြမ်းဖက်မှုမရှိဘဲ ပြည်ထောင်စုနိုင်ငံတော်အဖြစ် ပြန်လည်ဖြစ်မြောက်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် ကြိုးပမ်းနေတဲ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီဟာလည်း လာမယ့်သီတင်း ပတ်သုံးပတ်လောက်မှာ အာဏာလွှဲပြောင်းရယူတော့မှာပါ။

၂၀၁၆ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းမှာ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကို ရည် ရွယ်ရေးသားထားတဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှု အကြောင်းအရာအချို့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ အဓိကအကြောင်းအရာကတော့ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်လာရေးအတွက် ပိတ်ဆို့ထားခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ) ခဏဆိုင်းငံ့မယ်ဆိုရင် လုပ်ကြံသတ်ဖြတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေပဲ ဖြစ်ပါတယ်။

'အခုလို အမျိုးသားခေါင်းဆောင်ကို ပြောဆိုလိုက်တာက အားလုံးကိုတပ်လှန့်လိုက်တာပါ၊ အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းဖို့လိုတယ်၊ ဘာလို့လဲဆိုတော့ သူဟာ သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌမဖြစ်သေးပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်နေတဲ့အတွက် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်လာနိုင်တာကြောင့်ပါ'လို့ တရားလွှတ် တော် ရှေ့နေဦးလှမျိုးမြင့်က ပြောပါတယ်။

ကမ္ဘာ့သမိုင်းမှာလည်း လူထုခေါင်းဆောင်တွေဟာ လုပ်ကြံမခံရခင်မှာ သတ် ဖြတ်ပစ်မယ်ဆိုတဲ့ သေနတ်သမားတွေဆီက ခြိမ်းခြောက်စာတွေကို လက်ခံရရှိပြီးနောက် လူထုခေါင်းဆောင်တွေက သတိမပြုဘဲ ထားလိုက်ချိန်မှာ လုပ်ကြံသတ်ဖြတ် ခံခဲ့ရတာဖြစ်ပါတယ်။ လူမည်းလူ့အခွင့်အရေး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မာတင်လူ သာကင်း ဂျူနီယာလည်း လုပ်ကြံသတ် ဖြတ်ခြင်းမခံရမီမှာ ခြိမ်းခြောက်စာတွေကို လက်ခံရရှိခဲ့ပါတယ်။

ခြိမ်းခြောက်နေ
ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က ဥပဒေအရ အရေးယူနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ထားပေမဲ့ ရဲတပ်ဖွဲ့ကတော့ အရေးယူခြင်း မရှိသေးတဲ့အပြင် ခြိမ်းခြောက်ခဲ့သူက ဖေ့စ်ဘုတ်ခ် စာမျက်နှာအသစ်ပါဖွင့်ပြီး ထပ်မံခြိမ်းခြောက်မှုတွေ ပြုလုပ်နေပါတယ်။

ရွေးကောက်ပွဲမှာ မဲအသာနဲ့ အနိုင်ရရှိခဲ့သလို အမျိုးသားခေါင်းဆောင်တစ်ဦးအဖြစ် ပြည်သူတွေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ထောက်ခံမှုကိုရရှိထားတဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးခြိမ်းခြောက်ခံရတာနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရက တာဝန်ယူဆောင်ရွက်ပေးသင့်တယ်လို့ တရားလွှတ်တော်ရှေ့နေတွေက သုံးသပ်ကြပါတယ်။

ဦးလှမျိုးမြင့်က'အခု ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်တစ် ယောက်အနေနဲ့ အစိုးရမှာ အဓိကတာဝန်ရှိတယ် ၊ အနီးကပ်လုံခြုံရေးကိုတော့ စီစဉ် ပေးထားရမှာပါ၊ စနိုက်ပါသေနတ်သမားတွေကတော့ အနီးကပ်လုပ်ကြံမှာ မဟုတ်ဘူး၊ အဝေးကနေပဲ လုပ်ကြံမှာ၊ လွှတ်တော်သွားမှာဆို လမ်းတစ်လျှောက်ကို လုံခြုံရေးပေးထားဖို့ လိုပါတယ်၊ ပြည်သူလူထုလှုပ်ရှားနေတဲ့အဆောက်အအုံတွေကနေလဲ လုပ်ကြံလို့ရနိုင်တယ်၊ အဲဒါကြောင့် အစိုးရအနေနဲ့ လုံခြုံရေးအနီး၊ အဝေး စီစဉ်ပေးသင့်ပြီ'လို့ သုံးသပ်ပါတယ်။

လတ်တလောမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီဝင်တွေထဲက ရွေးချယ်ခန့် အပ်ထားသူတို့ကသာ အနီးကပ်လုံခြုံရေးပေးနေရတာ ဖြစ်တယ်။ သူတို့က ဒေါ် အောင် ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေမှာလည်း ထောက်ခံသူလူအုပ်ကြီးကို တိုးဝှေ့ရာမှာ အချင်းချင်းလက်ယှက်ပြီး လက်နက်မဲ့ ကာကွယ်ပေးကြရတာဖြစ်ပါတယ်။

၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ မှာ အသစ်ခေါ်ယူလိုက်တဲ့ ပြည်သူ့လွှတ် တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေ အပြီးမှာတော့ အမျိုးသားခေါင်းဆောင်ရဲ့ နေပြည်တော်အခမ်းအနားတစ်ခုမှာ လုံခြုံရေးကို လက်ရှိအဖွဲ့ချုပ်ရဲ့ လုံခြုံ ရေးအဖွဲ့ဝင်တွေသာမက နိုင်ငံတော်အဆင့် လုံခြုံရေးတွေပါ ပါဝင်လာတာတွေ့ရ ပါတယ်။

လုံခြုံရေးသင်တန်းတွေကို စနစ်တကျ လေ့ကျင့်သင်ကြားပေးပြီးသား လုံခြုံရေး အဖွဲ့ဝင်တွေကို အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးမှာမြင် တွေ့ရလို့ စိတ်ချစရာဖြစ်ပေမဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ ယုံကြည်ဖို့ ခက်ခဲလွန်း သေးတယ်လို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဒီမိုကရေစီနိုင်ငံတော် အကူးအပြောင်းတွေက သင်ခန်းစာပေးနေသလို ဖြစ်နေပါတယ်။ ၁၉၈၄ခုနှစ်က ဒီမိုကရေစီကူးပြောင်းရေးအတွက် ကြိုးစားနေခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ လေးယောက်မြောက် အမျိုးသမီးဝန်ကြီးချုပ် အင်ဒီယာနာဂန္ဒီဟာ သူ့ရဲ့လုံခြုံရေး သက်တော်စောင့်နှစ်ဦးရဲ့ လုပ်ကြံသတ်ဖြတ်တာ ခံခဲ့ရဖူးပါတယ်။

စိုးရိမ်စရာ
ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာရင် ဘာသာရေးအစွန်းရောက်သူအချို့ က သမ္မတဦးသိန်းစိန်လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ မျိုးစောင့်ဥပဒေတွေကို ပြင်ဆင်မယ်လို့ ယုံကြည်ထားကြပါတယ်။ မျိုးစောင့်ဥပဒေကို အသက်ပေးကာကွယ်မယ်လို့ ဖေ့စ်ဘုတ်ခ် စာမျက်နှာတွေကနေ ခြိမ်းခြောက်ထားသလိုပဲ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးမှာ အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သူ ဘုန်းကြီးဦးဝီရသူကလည်း အင်န်အယ်လ်ဒီက လ လွှတ်တော် ဥက္ကဋ္ဌတွေကို အတည်ပြုပြီးနောက်မှာပဲ ၂၀၁၂ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က အဓမ္မပြုကျင့်ခံရတဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက် စာမျက်နှာမှာ တင်ခဲ့ပါတယ်။

သူကတော့ အင်န်အယ်လ်ဒီအစိုးရကို သိစေချင်လို့ အချိန်ကိုက်လုပ်ဆောင်ခဲ့ တယ်လို့ ဆိုပါတယ်။ အမျိုးသားရေးစိတ် ဓာတ်ပြင်းထန်သူတွေကြား ဒေါ်အောင် ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ဟာ စိုးရိမ်စရာလို့ ပြည်သူအချို့က မှတ်ချက်ချ ထားပါတယ်။

တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင်က 'ဒီမိုကရေစီနိုင်ငံတော် အသွင်ကူး ပြောင်းရေးအတွက် တကယ်စွမ်းဆောင်နိုင်သူတွေကို ရှေ့ဆက်မလုပ်နိုင်ဖို့ ဟန့်တားနိုင်ဖို့ ကြိုတင်ကြံစည်မှုတွေ ရှိလာနိုင်တဲ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အ နေနဲ့လဲ ရဲအရေးပိုင်လုပ်ပိုင်ခွင့်အတိုင်း အမှန်တကယ်အရေးယူသင့်တယ်' လို့ ပြောပါတယ်။

တာမွေမြို့နယ်မှာ လက်နက်တွေနဲ့အတူ မိတဲ့သတင်းတွေဟာလည်း ဒေါ်အောင် ဆန်းစုကြည်ရဲ့ လုံခြုံရေးကို စိုးရိမ်သူတွေ အဖို့ အချက်ပြလိုက်သလို ဖြစ်ခဲ့ပါတယ်။

၂၀ဝ၃ ခုနှစ်ကလည်း ဒေါ်အောင်ဆန်း စုကြည်လုပ်ကြံခံရတဲ့ အဖြစ်အပျက်ရှိနေ ပြီးသားဖြစ်လို့သင်ခန်းစာယူပြီးအကောင်းဆုံးဖြစ်ဖို့ ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

Author ချမ်းသာ
Kumudra

No comments:

Post a Comment

My Blog List