Saturday, October 10, 2015

ကိုယ်စားလှယ်လောင်းတွေ အကတိကင်းစင်အောင် ဆောင်ရွက်ထား


အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို အများသိအောင်ကြေညာရာမှာ ပိုင်ဆိုင်မှုကို လိမ်လည်လှည့်ဖျားပြီး ပြလို့မရအောင် လုပ်ဆောင်ထားကြောင်းနဲ့ အဲဒီလို ကိုင်တွယ်ထားတဲ့ ပါတီဟာ အန်အယ်လ်ဒီ တစ်ပါတီတည်းသာရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်းမှော်ဘီမြို့နယ် မြောင်းတကာကျေးရွာမှာ ကျင်းပတဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဟောပြောပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ကိုယ်စားလှယ်လောင်းတွေ အကတိလိုက်စားမှုကင်းအောင် ဆောင်ရွက်ထားမှုကို ပြောခဲ့တာဖြစ်ပါတယ်။

"ပိုင်ဆိုင်မှုတွေ စာရင်းပေးခိုင်းတဲ့နေရာမှာ သူတို့ကတမင်လျှိ့ဝှက်ပြီးတော့၊ ခိုးဝှက်ပြီးတော့မမှန်တဲ့စာရင်းပေးရင်ဘယ်လိုလုပ်မလဲဆိုတော့ သူတို့ မှန်မှန်ကန်ကန်ပေးထားပါတယ်ဆိုတာကို တံဆိပ်ခေါင်းကပ်ပြီးတော့ လက်မှတ်ထိုးထားတာကြောင့် ကျမတို့ဥပဒေအရလိမ်လည်လှည့်ဖျားမှု တွေကို လုပ်တဲ့ကိုယ်စားလှယ်တွေကို ကျမတို့ကအရေးယူမှာဖြစ်ပါတယ်၊ ဒါကြောင့်ပြည်သူလူထုကိုလှည့်ဖျားလို့မရတဲ့ အစိုးရမျိုးဖြစ်အောင်လို့ ကျမတို့အတတ်နိုင်ဆုံး လုပ်ထားပါတယ်၊ အဲ့တော့ကျမကလည်း စိန်ခေါ်ရဲပါတယ်၊ ဒီလိုကိုယ်စားလှယ်လောင်းတွေကို ကိုယ်တွယ်ထား တဲ့ပါတီဆိုတာ ကျမတို့ပါတီတစ်ပါတီတည်းရှိပါတယ်"

အန်အယ်လ်ဒီသာ အစိုးရဖွဲ့နိုင်ခဲ့ရင် အကတိလိုက်စားမှု နည်းအောင် ကြိုးစားသွားမှာဖြစ်ကြောင်း၊ ကမ္ဘာမှာ ဘယ်နိုင်ငံမှ အကတိလိုက်စားမှု ၁ဝဝ ရာခိုင်နှုန်းကင်းရှင်းတဲ့ အစိုးရဆိုတာ မရှိကြောင်းလည်း ပြောပါတယ်။

ဒါကြောင့် အန်အယ်လ်ဒီအနေနဲ့ အကတိလိုက်စားမှု လျော့နည်းအောင်သာ ကြိုးစားသွားမယ်လို့ ကတိပေးနိုင်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် မဲဆန္ဒရှင်စာရင်းမှန်ကန်မှု ဖြစ်ရေးဟာ အစိုးရက လုပ်ဆောင် ပေးရမှာဖြစ်ကြောင်း လူဦးရေသန်းတစ်ထောင်ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက ရွေးကောက်ပွဲတွေ တောက်လျှောက် လုပ်လာရာမှာ မဲစာရင်းမှာ မပါလို့ဆိုပြီး ပြောဆိုတာ မကြားရကြောင်း မြန်မာနိုင်ငံမှာ ၃ဝ% လောက်သာမှန်မယ်လို့ ပြောနေတာဟာ အစိုးရမှာ တာဝန်ရှိကြောင်း ပြောပါတယ်။

ဒီကနေ့ ဟောပြောပွဲကို လူဦးရေ တစ်သောင်းနီးပါးလောက်အထိ တက်ရောက်တယ်လို့ ခန့်မှန်းရပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List