Monday, September 21, 2015

သမိုင်းဝင် ဂျပန်ကာကွယ်ရေး ဥပဒေသစ် ပါလီမန်လွှတ်တော် အတည်ပြု


လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားသည့် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်တပ် ဖွဲ့များ ပြည်ပနိုင်ငံများတွင် စစ်မက်တိုက် ခိုက်ခွင့်ပြုသည့် ဥပဒေသစ်တစ်ရပ်ကို ဂျပန်ပါလီမန်လွှတ်တော်က မဲပေး အတည်ပြုလိုက်ပြီ ဖြစ်ရာ ယင်းဖြစ်ရပ်သည် ဂျပန်နိုင်ငံအတွက် သမိုင်းဝင် ဖြစ်ရပ်သစ်တစ်ခု ဖြစ် ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။

တိုကျိုမြို့တော်ရှိ ပါလီမန်တွင် အဆိုပါ ဥပဒေကို မဲခွဲဆုံးဖြတ်မှု ပြုလုပ်စဉ် အပြင်ဘက်၌ လုံခြုံရေးတင်းကျပ် စွာ ချထားခဲ့ရကြောင်း၊ အကြောင်းမှာ ယင်းဥပဒေကို ဂျပန်အတိုက်အခံများနှင့် ပြည်သူအများစုက ဆန့်ကျင် ကန့် ကွက်မှုများ ပြုလုပ်ခဲ့ကြ၍ ဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ဥပဒေကြမ်း အတည်ပြုမည့် ကိစ္စပျက်ပြားအောင် အတိုက်အခံတို့ဘက်က ကြိုးစားခဲ့သောကြောင့် မဲခွဲဆုံး ဖြတ်မှုမှာ အချိန်အတန် ကြာမြင့်ခဲ့သည်။

ထိုသို့ ဂျပန်ကာကွယ်ရေးဆိုင်ရာ မူဝါဒတွင် အပြောင်းအလဲများ ရှိလာခြင်းသည် တရုတ်ကဲ့သို့သော အင်အား ကြီးနိုင်ငံများဘက်က ဂျပန်အပေါ် ရန်စခြိမ်းခြောက်လာမှုများကို ရင်ဆိုင်ဖြေရှင်းရာ၌ လွန်စွာအရေးကြီး သည်ဟု ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဦးဆောင်သည့် ဂျပန်အစိုးရအဖွဲ့က ပြောကြား သည်။

ယင်းဥပဒေကြမ်းကို ဂျပန်အစိုးရအဖွဲ့ ကြီးစိုးထားသော အောက်လွှတ်တော် က အတည်ပြုထားပြီး ဖြစ်သည်။ ဂျပန်အထက်လွှတ်တော် ဥက္ကဋ္ဌ မာဆာကီ ယာမာဆာကီက ယင်းဥပဒေကြမ်းကို ဥပဒေပြုအမတ် ၁၄၈ ဦးက ထောက် ခံမဲပေးခဲ့ပြီး ၉၀ က ကန့်ကွက်မဲပေးခဲ့ကြသည်ဟု အတည်ပြု ပြောကြား သည်။

Japan Times သတင်းစာက ပါလီမန်က ယခုလို ကာကွယ်ရေးဆိုင်ရာ ဥပဒေသစ်ကို အတည်ပြုလိုက်ခြင်း သည် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ကာလကြာရှည်စွာစောင့်ဆိုင်းနေခဲ့ရသော ဦးတည်ချက်တစ်ခု အကောင် အထည်ဖော်နိုင်အောင် လုပ်ဆောင်လိုက်ခြင်းပင် ဖြစ်သည်ဟု ရေးသားဖော်ပြသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့ကမူ လွှတ်တော်ထဲတွင် အတိုက်အခံ နိုင်ငံရေး သမားများက ဥပဒေအတည်ပြု မည့်ကိစ္စ နှောင့်နှေးကြန့်ကြာအောင် ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသေးသည်။

ဒုတိယကမ္ဘာစစ် နောက်ပိုင်း ရေးဆွဲထားသော ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေ က ဂျပန်စစ်တပ် အနေနှင့် မိမိကိုယ်ကိုယ် ကာကွယ်သည့် ဖြစ်စဉ်များမှလွဲ၍ နိုင်ငံတကာ ပဋိပက္ခများတွင် ပါဝင်မှု မပြုနိုင်အောင် တားမြစ်ထားသည်။

ယခု ပြင်ဆင်ပြဋ္ဌာန်းလိုက်သော ဥပဒေသစ်အရ ဂျပန်စစ်တပ်အနေနှင့် ဂျပန်နှင့် မဟာမိတ်နိုင်ငံများ ထိပါးရန်စခြင်း ခံလာရပါက စစ်ရေးအရ အရေးယူတိုက်ခိုက်မှုများ ပြုလုပ်ခွင့်ပြုလိုက်ရာ ယင်းဖြစ်ရပ် ကြောင့် ဂျပန်နိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ တိုးမြှင့်လာမည်ကို ပြည်သူများက အထူးစိုးရိမ်လျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment

My Blog List