Saturday, August 08, 2015

လက်မှတ်ထိုးမည့် အဖွဲ့ကိစ္စကလွဲပြီး အပစ်ရပ် စာချုပ်ပါ အချက်အားလုံး သဘောတူ







တနိုင်ငံလုံးပစ်တိုက်ခိုက်မှုစာချုပ်ပါ အချက်တွေအနက် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလက်မှတ် ထိုးရာမှာ ပါဝင်လိုတဲ့ အဖွဲ့အစည်း အရေအတွက်နဲ့  အစိုးရဘက်က လိုလားတဲ့ အရေအတွက် ကွာဟနေမှု အပေါ် ညှိနှိုင်းမရတာကလွဲပြီး စာချုပ်ပါ ကျန်အချက်အား လုံးကို သဘောတူ ညီမှု ရရှိခဲ့ကြပြီဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက် ကမ်းလှမ်းအကောင်အထည်ဖော်တဲ့ ပြည်တွင်း ငြိမ်းချမ်း ရေးဖြစ်စဉ် ၃ နှစ်တင်းတင်း ပြည့်တဲ့နေ့မှာ တပြည်လုံး အပစ်ရပ် နိုင်ဖို့ စာချုပ်ပါ ကျန်အချက်တွေ အကုန်လုံးမှာ သဘော တူညီနိုင်ခဲ့ကြတာ ဖြစ်ပြီး လက်မှတ်ရေးထိုးကြမယ့် အဖွဲ့အစည်းကိစ္စ ကိုသာ အလေးထား ညှိနှိုင်းဖို့ ကျန်တော့တာပါ။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီနဲ့ နော်စီဖိုးရာစိန် ဦးဆောင်တဲ့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်  အဖွဲ့တို့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းအပေါ် ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးစင်တာမှာ မနေ့ကနဲ့ ဒီကနေ့ ၂ ရက်ဆက်တိုက် ဆွေးနွေးညှိနှိုင်းခဲ့ ကြပြီး ရရှိတဲ့ သဘောတူ ညီချက်ကို ပူးတွဲ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီကြေညာချက်မှာ “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်တွင် ပါရှိသည့် အချက် အလက်များအနက် ပါဝင်လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိစ္စမှအပ စာချုပ်ပါ အချက်အလက်အားလုံးကို ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့သည်။” လို့ ပါရှိပါတယ်။

နှစ်ဘက်သဘောတူထားတဲ့ စာချုပ်ပါ အချက်အလက်တွေကို ပြည်သူ အားလုံး သိရှိနိုင်ဖို့ ထုတ်ပြန်ရန် နှစ်ဘက်သဘောတူကြတယ်လို့ ဆိုပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ လပေါင်းများစွာ ညှိနှိုင်းခဲ့ကြပြီးတဲ့နောက် ဒီနှစ် မတ်လ ၃၁ ရက်နေ့မှာတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းကို ရရှိခဲ့ပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေက ဒီမူကြမ်းကို သုံးသပ်ပြီး ပြင်ဆင်ဖြည့် စွက်ချက်တွေနဲ့ အတူ နော်စီဖိုးရာ စိန် ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့ (အက်စ်ဒီ) ကို တာဝန်ပေးခဲ့ပါတယ်။ အက်စ်ဒီအဖွဲ့ဟာ ယူပီဒဗလျူစီနဲ့ ရန်ကုန်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ပထမတကြိမ် ဆွေးနွေးခဲ့ပြီး အတော်များများကို သဘောတူညီခဲ့ကြပါတယ်။

ကျန်တဲ့အချက်တွေကို အက်စ်ဒီက တိုင်းရင်းသားထိပ်သီးတွေကို တင်ပြရာမှာ အားလုံး  ပါဝင်လက်မှတ်ရေး ထိုးရေး (အဖွဲ့ ၁၇ ဖွဲ့လုံး)၊ လက်မှတ်ရေးထိုး ကြမည့် ခေါင်းဆောင်များနဲ့ နိုင်ငံတကာ အသိသက်သေကိစ္စ ၃ ရပ်ကို တာဝန်ပေးခဲ့ပါတယ်။ ဒီ ၃ ချက်ထဲက ၂ ချက်ကို သဘောတူညီချက်ရခဲ့တာ ဖြစ်ပါတယ်။

အဆင့်မြင့်ကိုယ်စားလှယ်တွေဘက်က လက်မှတ်ထိုးလိုတဲ့အဖွဲ့ ၁၇ ဖွဲ့ကတော့ အနိမ့်ဆုံးအားဖြင့် ရခိုင် တပ်မတော် (အေအေ)၊ ရခိုင်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ)၊ ရခိုင်အမျိုးသားကောင်စီ၊ မြန်မာနိုင် ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)။ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)၊ ဒီမို ကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)၊ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ကရင်ငြိမ်းချမ်း ရေး ကောင်စီ (ကေပီစီ)၊ လားဟူဒီမိုကရက်တစ်ယူနီယံ (အယ်လ်ဒီယူ)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာ မိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ)၊ မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ)၊ ပအို့ဝ်အမျိုးသားလွတ်မြောက် ရေးအဖွဲ့(ပီအန်အယ်လ်အို)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊ တအာင်းပလောင်လွတ်မြောက်ရေး တပ်မတော် (ပီအက်စ်အယ်လ်အက်ဖ်၊ တီအန်အယ်လ်အေ)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ် ပီပီ-အက်စ်အက်စ်အေ)၊ ၀အမျိုးသားအဖွဲ့ချုပ် (ဒဗလျူအန်အေ) တို့ကို ပါဝင်လက်မှတ်ရေးထိုးစေချင်တာပါ။

ဒါ့အပြင် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က ကျန်လက်နက်ကိုင်လေးဖွဲ့ဖြစ်ကြတဲ့ ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (ရှမ်းပြည်တပ်မတော်တောင်ပိုင်း)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (အမ်အန် ဒီအေ)၊ နာဂဒေသ အမျိုးသားဆိုရှယ်လစ်ကောင်စီနဲ့ ၀ပြည်သွေးစည်းညီညွတ်ရေး ပါတီတို့ကိုပါအဆိုပါအဖွဲ့ တွေက ဆန္ဒရှိရင် အန်စီအေကို လက်မှတ်ထိုးစေလို တယ်လို့ ထုတ်ပြန်ထားတာပါ။

အစိုးရဘက်ကတော့ ပလောင်တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့၊ ရက္ခိုင့်တပ်မတော်၊ မြန်မာအမျိုး သားဒီမိုကရေစီ မဟာမိတ်တပ်မတော် (ကိုးကန့်တပ်မတော်)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး၊ ၀အမျိုး သားအဖွဲ့ ချုပ်နဲ့ ရခိုင်အမျိုးသားကောင်စီ ၆ ဖွဲ့ကို ပါဝင်လက်မှတ်ရေးထိုးဖို့ ထည့်သွင်း သတ်မှတ်ထားခြင်း မရှိပါဘူး။

ဒီဆွေးနွေးပွဲ ၂ ရက်တာမှာ ဇူလိုင်လကုန်ပိုင်း ဆွေးနွေးပွဲတုန်းက သဘောတူညီချက် မရရှိခဲ့တဲ့ “အန်စီအေ ကို လက်မှတ်ထိုးတဲ့အခါ နှစ်ဘက်အဖွဲ့အစည်းတွေက ဘယ်အဆင့်ခေါင်းဆောင်တွေက လက်မှတ်ထိုးမယ်၊ အသိသက်သေတွေအဖြစ်ဘယ်သူတွေကိုဖိတ်ကြားမယ်၊ ဘယ်နိုင်ငံတွေ၊ဘယ်အဖွဲ့အစည်းတွေကိုဖိတ်ကြား မယ်ဆိုတာတွေ” အပေါ်မှာ သဘောတူညီချက် ရရှိခဲ့ကြပါတယ်။

တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ပူးဇင်ကျုံးက “အန်စီအေကို ဘယ်သူ တွေ လက်မှတ်ထိုးမယ်ဆိုတဲ့ ကိစ္စကလည်း ပြေလည်သွားပြီလို့ ပြောလို့ရပါတယ်။ အစိုးရဘက်ကတော့ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ပါ ထိုးမယ်။ တိုင်းရင်းသားဘက်ကလည်း အမြင့်ဆုံးပုဂ္ဂိုလ်များဖြစ်တဲ့ ဥက္ကဋ္ဌတွေ၊ ဒုတိယဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးချုပ်တွေ၊ စစ်ဦးစီးချုပ်တွေ လက်မှတ်ထိုးမယ်။ လက်မှတ်ထိုးတဲ့ အခါမှာ တဖွဲ့ကို သုံးဦးစီလောက်ထိုးဖို့ ရှိပါတယ်။ ဒါကိုလည်း ကျနော်တို့ နှစ်ဘက်သဘောတူညီမှုရပြီ” လို့ မနေ့က ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် အသိသက်သေကိစ္စနဲ့ ပတ်သက်ပြီးလည်း “ပြည်တွင်းအသိသက် သေအနေနဲ့ ဘာမှ ပြဿ    နာ မရှိဘူး။ ကျနော်တို့အားလုံး  သဘောတူညီ မှုရတဲ့ အနေအထားမျိုးဖြစ်တယ်။ ပြည်ပသက်သေများအနေနဲ့ ၈ ကြိမ် မြောက် အစည်းအဝေးမှာ သဘောတူထားတဲ့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ တရုတ်အဖွဲ့အစည်းနှစ်ဖွဲ့နဲ့ နိုင်ငံတနိုင်ငံကို သဘောတူထားတာရှိတယ်။ ၉ ကြိမ်မြောက် အစည်းအဝေးမှာ အာဆီယံက သူ့ရဲ့မူဝါဒအရ မပါဝင်နိုင်တာ ဖြစ်တယ်။ ကုလသမဂ္ဂနဲ့ တရုတ်ဆက်ပါမယ်။ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံ က အသိသက်သေအနေနဲ့ ပါဝင်တာ ဖြစ်ပါတယ်။ တိုင်းရင်းသားဘက်က အသိသက်သေ တင်ပြတာက တော့ သုံးနိုင်ငံနဲ့ ကုလသမဂ္ဂ အပါအဝင် ကျနော်တို့ တင်သွင်းထားတဲ့ ကျန်တဲ့လေးနိုင်ငံနဲ့ အီးယူ ဒီအဖွဲ့ တွေကိုလည်း သူတို့ရဲ့ ရှေ့မှောက်မှာ လက်မှတ်ထိုးမယ်ဆိုတဲ့ အနေထားမျိုးနဲ့ တင်ပြတယ်” လို့  ပူးဇင်ကျုံး က  ပြောပါတယ်။

ဝန်ကြီး ဦးအောင်မင်းက အစိုးရအနေနဲ့ ရွေးကောက်ပွဲကြောင့် စက်တင်ဘာလဆန်းပိုင်းကပြီး အလုပ်များ တာကြောင့် ဒီမတိုင်ခင် လက်မှတ်ရေးထိုးနိုင်ဖို့ ကနဦးပိုင်းက ထုတ်ဖော်ပြောဆိုထားပါတယ်။

နှစ်ဘက်သဘောတူညီချက်တွေ ရရှိလို့ လက်မှတ်ရေးထိုးနိုင်မယ် ဆိုရင်တော့ လက်မှတ်ရေးထိုးတဲ့နေ့မှ ရက်ပေါင်းခြောက်ဆယ်အတွင်း နိုင်ငံရေးမူဘောင်ရေးဆွဲဖို့နဲ့နိုင်ငံရေးဆွေးနွေးပွဲတွေကို အပစ်ရပ်လက်မှတ် ထိုးတဲ့နေ့ကစလို့ ရက်ပေါင်း ၉၀ အတွင်းမှာ စတင်ကြရမှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List