Thursday, July 02, 2015

မြန်မာသံရုံး၏ တိတ်ဆိတ်သော မဲစာရင်းကြေညာချက်


အမေရိကန်နိုင်ငံရှိ မြန်မာလူမျိုး  အများစုနှင့် မပတ်သက်သလို ဘာသိဘာသာ ခပ်ကင်းကင်းနေတတ်လေ့ ရှိသည့် ၀ါရှင်တန်ဒီစီမြို့ရှိ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သူ၏အင်တာနက်စာမျက်နှာတွင် ဇွန်လ ၂၅ ရက်က ကြေညာချက်တစ်ခုကို  တိတ်တိတ်ဆိတ်ဆိတ် တင်ထားလိုက်သည်။ 

အဆိုပါ ကြေညာချက်မှာ အမေရိကန်ရောက် မဲဆန္ဒရှင်များ လာမည့် ရွေးကောက်ပွဲအတွက် မဲစာရင်းပေး သွင်းနိုင်ကြောင်း ကြေညာခြင်းဟု ဆိုသည်။

အချက်သုံးချက်ပါ ကြေညာချက်တွင် လာမည့် ၂၀၁၅ အောက်တိုဘာလကုန် (သို့မဟုတ်) နိုဝင်ဘာလဆန်း တွင် မြန်မာနိုင်ငံရှိ ရွေးကောက်ပွဲကျင်းပမည်။ သို့အတွက် ၀ါရှင်တန်ဒီစီရှိ အမေရိကန်သံရုံးသည် အမေရိ ကန်နိုင်ငံ၌ အသက်(၁၈)နှစ်ပြည့်ပြီး မြန်မာ နိုင်ငံကူးလက်မှတ်ဖြင့် တရားဝင်နေထိုင်နေ သော မြန်မာနိုင်ငံ သားများစာရင်းကို ၂၀၁၄ သြဂုတ် ၂၉ ရက်မှစတင်ပြုစု လျက်ရှိသည်။ ထို့ကြောင့် အသက်(၁၈)နှစ်ပြည့် မြန်မာနိုင်ငံသားများ မဲပေးရန်အတွက် နေရာသုံးခုတွင် မဲစာရင်းပေးကြရန် ဖော်ပြပါရှိသည်။

မဲစာရင်းပေးရမည့် နေရာသုံးခုမှာ ပြည်နယ်အလိုက်ဖြစ်ပြီး ၀ါရှင်တန်ဒီစီရှိ အမေရိကန်သံရုံး၊ နယူးယောက် မြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး၊ ကယ်လီဖိုနီးယားပြည်နယ် လော့စ်အန် ဂျလီစ်မြို့က မြန်မာကောင် စစ် ၀န်ချုပ်ရုံးတို့မှာဖြစ်သည်။ မဲစာရင်းပေးသူများအနေဖြင့် သံရုံးက ထုတ်ပြန်ထားသည့် လျှောက်လွှာပုံစံ ကို ဖြည့်စွက်ကာပို့ပေးရ မည်ဖြစ်ပါသည်။ သို့သော်လည်း ကြေညာချက်မှာ   အမေရိကန် ရောက် မြန်မာ အတော်များများမသိကြသည့် ကြေညာချက် ဖြစ် ၏။

‘‘လူသိတာ နည်းနေပါသေး တယ်။ အခုထိကတော့ လူ ၂၀၀ လောက်ပဲ စာရင်းရပါသေးတယ်။ အဲဒါကြောင့် သံရုံးနဲ့ နီးစပ်သူ တွေကတစ်ဆင့် လူသိများအောင် လုပ်နေပါတယ်’’ဟု မြန်မာသံရုံး နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အမေရိကန်ပြည်ထောင်စု ၏ ၂၀၁၀ သန်းခေါင်စာရင်းများ အရ မြန်မာနိုင်ငံမှ လာရောက်ပြီး အမေရိကန် နိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများမှာ စုစုပေါင်းလူဦးရေ ၁၀၀၊ ၂၀၀ ကျော်ရှိသည်ဟု ဆိုပါသည်။ သို့ သော်လည်း အများစုမှာ နိုင်ငံရေး ပြည်ထဲရေးပဋိပက္ခများ ကြောင့် မြန်မာပြည်ကို စွန့်ခွာခဲ့ သူများဖြစ် ပြီး အမေရိကန်နိုင်ငံသား (သို့မဟုတ်) အမေရိကန်တွင် နိုင်ငံရေးခိုလှုံခွင့်နှင့် နေထိုင်ကြသူများ ဖြစ် သည်။

ထို့ကြောင့် မြန်မာနိုင်ငံကူး လက်မှတ်နှင့်သာ မဲပေးခွင့်ရှိသည့် သည်ရွေးကောက်ပွဲက သူတို့နှင့် ဘာမှမဆိုင် သလို ဖြစ်နေ ပါ၏။  မဲပေးချင်ကြသော်လည်း မဲပေးခွင့်မရှိသည့် လူကအများစုဖြစ်ပါသည်။ များသော အားဖြင့် မဲပေးခွင့်ရှိသူများမှာ ပညာလာသင်နေကြသော ကျောင်းသားများနှင့် မြန်မာသံရုံးနှင့် နီးစပ်သော အသိုင်းအ၀ိုင်းက မြန်မာလူမျိုးများသာ ဖြစ်ပါသည်။ သို့သော်လည်း မဲပေးခွင့် ရှိသူ အများစုကလည်း သံရုံး၏ မဲစာရင်းပေးရန် တောင်းခံခြင်းကို မသိကြပါ။

‘‘ဟုတ်လား။ သိတောင် မသိဘူး။ သံရုံးနဲ့က ခပ်ဝေးဝေး နေတာဆိုတော့ လေ။ ပေးမယ်။ ပေးမယ်။ မဲပေးရ မယ်။ များများ လည်း ရွေးစရာမရှိပါဘူး။ ဒေါ်စု ပါတီပဲထည့်မှာပေါ့’’ဟု တောင် ကော်ရိုလိုင်းနားပြည်နယ်မှာ နေထိုင်သူ မလှမြတ်သူက ပြောပါသည်။ သူက ခင်ပွန်းသည်ရှိရာ အမေရိကန်သို့ လာလည်တာ သိပ်မကြာ သေး။ မလှမြတ်သူပြောသ လို    အမေရိကန်နိုင်ငံရောက် မြန်မာသံရုံးနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက လွဲပြီး မြန်မာသံရုံးက အမေရိကန်ရောက် မြန်မာတွေနှင့် စိမ်းလွန်းလှ၏။ ဘုန်းကြီးကျောင်းဆိုလျှင်ပင် သံရုံး က လူတွေသွားသည့် ဘုန်းကြီးကျောင်းက သက်သက်ဖြစ်ပြီး သာမန်မြန်မာလူမျိုး  အများစုသွားသည့် ကျောင်းက သက်သက်ဖြစ်၏။ သင်္ကြန်ဆိုလျှင်လည်း သံရုံးက မြန်မာများက သီးသန့်သူတို့ဘာသာလုပ်သ လို တခြားသူတွေကလည်း သီးခြားသာကျင်းပ၏။ ထိုလူမှုအသိုင်းအ၀ိုင်းနှစ်ခုကို မည်သူကမျှလည်း တရား ၀င်ခွဲခြားမထားသော်ငြား ဘယ်သော အခါမှ သာရေး၊ နာရေး၊ လူမှုရေးများမှာပတ်သက်ဆက်စပ်ခြင်း မရှိသော အမေရိကရောက် မြန်မာအသိုင်းအ၀ိုင်းနှစ်ခုဖြစ်၏။

‘‘မြန်မာ့နိုင်ငံရေး အခြေအနေကပဲ မြန်မာတွေကို အုပ်စုခွဲတယ်လို့ ပြောရမလားပဲ။ စစ်အစိုးရလက်ထက် တုန်းကတော့ ကျွန်မတို့က မြန်မာသံရုံးကို အမြဲ သွားလေ့ရှိပါတယ်။ ဆန္ဒပြဖို့ပေါ့။ မြန်မာပြည်က လူတွေကို နှိပ်စက် ညှဉ်းပန်းမှုတွေအတွက် အရေး တော်ပုံတိုင်းသွားပြီး အမြဲဆန္ဒပြ ကြတာ။ သံရုံးကတော့ ဘာပြော ပြော အစိုးရလူမဟုတ်လား။ အဲ ဒါကြောင့် သံရုံးက လူတွေက လည်း ကျွန်မတို့ကို ရှောင်ကြမှာ ပေါ့’’

ဝါရှင်တန်ဒီစီ  အနောက်မြောက်ပိုင်း အက်စ်လမ်းမှာရှိ သော မြန်မာသံရုံးက အစဉ်အဆက် ဆန္ဒပြမှုများ အားလုံးကို ဘာတစ်ခုမှ တုံ့ပြန်ပြောဆိုခြင်း လုပ်လေ့မရှိခဲ့ပါ။ တံခါးများကိုသာ  အမြဲတမ်းစေ့စေ့ပိတ်ထား ခဲ့ပါသည်။ အခြားနိုင်ငံသားများ အတွက် တိုင်းပြည်တစ်ပြည်၏ သံရုံးဆိုသည်မှာ ပြည်ပရောက်နိုင်ငံသား များအတွက် ခိုကိုးရာတစ်ခု ဖြစ်သော်လည်း မြန်မာနိုင်ငံသား များအတွက်တော့ မြန်မာသံရုံးဆို သည်မှာ ရှောင်ကွင်းရာ။ မြန်မာ အစိုးရအပေါ် မကျေနပ်ချက်များ ကိုဆန္ဒသွားပြရာနေရာတစ်ခု ဖြစ် ခဲ့ပါသည်။

သို့သော် ၂၀၁၀ မြန်မာနိုင်ငံ မှာ နိုင်ငံရေးအခြေအနေများ ပြုပြင်ပြောင်းလဲ လာပြီးနောက် အမေရိကန်ရှိ မြန်မာသံရုံးနှင့် မြန်မာလူမျိုးများကြား တင်းမာ အေးစက်မှုများက ပုံစံပြောင်းလဲ သွား၏။ ပြုပြင်ပြောင်း လဲသော မူပုံစံများအရ သံရုံးဘက်ကလည်း နိုင်ငံရေးကြောင့် အမည်ပျက်စာ ရင်းဖျက်ထားသူများကို ပယ်ဖျက် ပေးခဲ့၏။ အမေရိကန်လူမျိုး ခံယူ ထားသော်လည်း ကိုယ့်ပြည်ကိုယ် မြေကို ပြန်လည်လိုချင်ကြ သည့် မြန်မာလူမျိုးများအတွက်လည်း ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးခဲ့သည်။ထိုအခါ   နဂိုကဆန္ဒပြဖို့   အမြဲ ရောက်သည့် သံရုံးက မြန်မာတွေ အတွက် မြန်မာနိုင်ငံပြန်ရန် ဗီဇာရဖို့ ချောင်းပေါက် မတတ်လာကြ ရသည့်နေရာ  ဖြစ်လာပါသည်။ သည်အခါ မြန်မာအသိုင်းအ၀ိုင်း နှစ်ခုကြား  တင်းမာမှုများလည်း ပြေ လျော့လာခဲ့သည်။

‘‘အရင်ကထက်စာရင် ဆက် ဆံရေးတွေ ပိုကောင်းလာတယ် ပြောရမှာပေါ့။ သံရုံးကလူတွေလည်း ကျွန်မ တို့ ဘုန်းကြီးကျောင်း ကပွဲတွေ အခမ်းအနားကို လာကြပါတယ်။ ကိုယ်မြန်မာပြည် ပြန်ချင်လို့ ကိစ္စရှိတဲ့ အခါလည်း သူတို့ လုပ်ပေးကြပါတယ်။ အရင်လို မဟုတ်တော့ဘူး။ ဗီဇာကိုလည်း အဆင်ပြေပြေနဲ့ မြန် အောင် လုပ်ပေးကြပါတယ်’’ဟု မြန်မာနိုင်ငံသို့ မကြာခဏ အလည်ပြန်လေ့ရှိ သူ မေရီလန်းပြည်နယ် မောင်ဂိုမာ ရီအရပ်က မသီတာက ပြောပြ ပါသည်။

ထိုကဲသို့ အေးစက်ခဲ့သော ဆက်ဆံရေးများ ပြန်လည်နွေး ထွေးလာသော် လည်း မြန်မာလူမျိုးနှင့် မြန်မာ သံရုံး တစ်ပေါင်း တစ်စည်းတည်း ဖြစ်ဖို့က တော့ အချိန်တစ်ခုလိုပါသေး၏။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လည်း တိတ်တဆိတ်သာပြီးသွားခဲ့ရ၏။ ယခုမြန်မာနိုင်ငံမှာ အရှိန်ယူနေသည့် လာမည့် ၂၀၁၅ ရွေးကောက် ပွဲမှာလည်း မြန်မာသံရုံး၏ အသိပေးလှုံ့ဆော် မှုက တိတ်တ ဆိတ်နိုင်လှ၏။

အမေရိကန်ရောက် မြန်မာ လူမျိုးများအနေဖြင့် ဘုန်းကြီး ကျောင်း ဘာသာရေးပွဲများလို၊ ဈေးရောင်းပွဲလို၊ သင်္ကြန်အခမ်း အနားတွေလို နေရာမျိုးမှာ တစုတစည်းတည်း လာရောက်ကြ ၏။ မြန်မာနိုင်ငံက အဆိုတော် များ မကြာခဏလာရောက်သောပွဲမျိုးတွင် မြန်မာတွေက လူပြည့်ရုံလျှံအောင် တစ်မိသားစုလုံးလာ အားပေး တတ်ကြ၏။ အမေရိ ကန်ရောက် မြန်မာလူမျိုးများ နှံ့ နှံ့စပ်စပ်   ထိထိရောက်ရောက် အသိပေးနိုင်ဖို့က အလွန်လွယ်ပါ သည်ဟု မသီတာက ရှင်းပြသည်။

‘‘သံရုံးအနေနဲ့ ရွေးကောက် ပွဲကို လူတွေကြားထဲ သိစေချင်ရင် မြန်မာတွေအလာများတဲ့ ဘုန်းကြီးကျောင်း လို စတိတ်ရှိုးလို နေရာမျိုးမှာ ကြေညာချက်တော့ အနည်းဆုံးလာကပ်ဖို့  ကောင်းတယ်။ အမေရိကန်မှာ မြန်မာတွေအများကြီးရှိတာပဲ။ လူသိန်း ကျော်တောင်ရှိတာ အခုမဲစာရင်းက ၂၀၀ လောက်ပဲဆိုတော့ မဟုတ်သေးပါဘူး’’

မသီတာ၏ မကျေမနပ် ပြောဆိုသံကိုတော့ ၀ါရှင်တန်ဒီစီ အက်စ်လမ်းမပေါ်က တံခါးစေ့ စေ့ပိတ်ထားသော မြန်မာသံရုံးက ကြားမည်မထင်။ ထုံးတမ်း စဉ်လာအတိုင်း ဘာသိဘာသာ တိတ်တဆိတ်ဖြင့် ဣနြေ္ဒကြီး မြဲကြီးလျက်သာ ။    

7Day News Journal


No comments:

Post a Comment

My Blog List