Tuesday, June 23, 2015

မန္တလေး ဆောက်လုပ်ရေး လုပ်ငန်းခွင် ငြမ်းပြိုကျမှု သက်ဆိုင်ရာ ကုမ္ပဏီကို တရားစွဲမည်


မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ဟိုတယ် ဆောက်လုပ်ရေး လုပ်ငန်းခွင် တခု၌ ဇွန် ၂၀ ရက်က ငြမ်းပြို ကျပြီး အလုပ်သမားများ သေဆုံး ဒဏ်ရာရရှိမှု နှင့်ပတ်သက်၍ တာဝန်ရှိသည့် ဉာဏ်မိသားစု ဆောက်လုပ် ရေး ကုမ္ပဏီကို သက်ဆိုင်ရာက တရားစွဲဆိုတော့မည် ဖြစ်သည်။

အခင်းဖြစ်ပွားခဲ့မှုအတွက် ဒေသဆိုင်ရာ ရဲစခန်းက ဇွန်လ ၂၁ ရက်နေ့တွင် အမှုဖွင့်ခဲ့သည်ဟု သိရသည်။

“ဉာဏ်မိသားစု ဆောက်လုပ်ရေး ကုမ္ပဏီက ကန်ထရိုက် ဦးနွေဦးမောင်ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၇၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၃၀၄ (ခ) တို့နဲ့ အမှုဖွင့်ထားပါတယ်”ဟု ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှ ဒုမြို့နယ်မှူး ဦးခင်ဇော်က ပြောသည်။

ဦးခင်ဇော် က “အဲဒီ ပုဒ်မတွေက သူတပါးကို သာမန် သို့မဟုတ် အသက်အန္တရာယ်ဖြစ်လောက်အောင် ပြင်းထန်စွာ နာကျင်စေမှု၊ ပေါ့လျော့မှုကြောင့် အသက်သေဆုံးမှုတွေ ဖြစ်ပါတယ်။ အခုကိစ္စမှာ အနည်းဆုံး အလုပ်သမား ၁၈ ဦး ဒဏ်ရာရပြီးတော့ ၂ ဦး သေ ဆုံး ခဲ့ရပါတယ်”ဟုလည်း ဆက်လက် ပြောဆိုသည်။

ပြစ်မှုထင်ရှားပါက တာဝန်ရှိသူ ကန်ထရိုက်အနေဖြင့် ထောင်ဒဏ် အနည်းဆုံး ၁၇ နှစ် သို့မဟုတ် ဒဏ်ငွေ ပေးဆောင်ရန် ပြစ်ဒဏ် ချမှတ် ခံရနိုင်သည်ဟု သိရသည်။

ထိုသို့ ငြမ်းပြိုကျမှုကြောင့် အပျက်အစီးများအောက်တွင် နာရီ ၃၀ ကျော်ပိတ်မိပြီး နောက်ဆုံး ကျန်နေခဲ့ သော ကိုဆန်းမြင့်အောင် ဆိုသူကို ဇွန်လ ၂၁ ရက် ညပိုင်းက အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီး မန္တလေး အထွေထွေဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူလျက် ရှိသည်ဟုလည်း သက်ဆိုင်ရာက ပြောသည်။

ကိုဆန်းမြင့်အောင်သည် ဆေးရုံသို့ ရောက်ရောက်ခြင်း ဒဏ်ရာများနှင့် ရောဂါပိုးဝင်ရောက်နေခြင်းများ ကြောင့် သွေးကြောများ ပိတ်ဆို့နေပြီဖြစ်သည့် သူ၏ ခြေ ၂ ဘက်လုံးကို ခွဲစိတ် ဖြတ်တောက်လိုက်ရ ကြောင်း၊ ညာဘက်လက်သည်လည်း အရိုးကျိုးခြင်း၊ ရောဂါပိုးဝင် ရောက်ခြင်းနှင့် သွေး ကြောပိတ်ဆို့မှုများ ခံစားနေရကြောင်း သိရသည်။

“သူက အခုအထူးကြပ်မတ် ကုသဆောင်(ICU) ထဲမှာ ရှိနေပါတယ်။ သူရဲ့ ညာဘက်လက်ပြန်ကောင်း မလာမှာကို ကျနော်တို့ စိုးရိမ် နေရပါတယ်။ တခြား အတွင်းပိုင်း ဒဏ်ရာတွေကို စကန်ဖတ်ပြီး စစ်ဆေး မှုတွေ လုပ်နေပါတယ်။ ကိုယ်တွင်း အင်္ဂါ အစိတ် အပိုင်း တွေ အခြေအနေကောင်းလိမ့်မယ်လို့ မျှော် လင့်ထားပါတယ်”ဟု မန္တလေး အထွေထွေဆေးရုံမှ ပြောရေးဆိုခွင့် ရှိသူတဦးက ပြော သည်။

အသေးစား ဒဏ်ရာများရရှိခဲ့သည့် အခြားအလုပ်သမား ၁၀ ဦးခန့်သည် ဆေးရုံမှ ပြန်ဆင်းသွားကြပြီ ဖြစ်သည်ဟုလည်း သိရသည်။

ဇွန်လ ၂၀ ရက်နေ့ နေ့လယ်ခင်းက မင်္ဂလာ-မန္တလေး စီမံကိန်း ဧရိယာ အတွင်းမှ Pullman ဟိုတယ် ဆောက်လုပ်ရေး လုပ်ငန်းခွင် တွင် အမိုးပေါ်မှ ရေကူးကန် တည်ဆောက်ရန် ကွန်ကရစ်လောင်းနေစဉ် ငြမ်းဆင်ထားသည့် သံပိုက်များ ကွေးညွှတ်ပြီး ပြိုလဲ ကျခဲ့ခြင်း ဖြစ်သည်။

“ကျနော် ဆိုက်အပြင်ဘက်ကို ခဏထွက်သွားတုန်း ရုတ်တရက် ဆူဆူညံညံ အသံတွေကြားလိုက်ရတယ်။ ငြမ်းပြိုကျသွားတယ်”ဟု အထွေထွေ လုပ်သားတဦးဖြစ်သည့် ကိုအောင်ဆန်းမြင့်က ပြောပြသည်။

“ကျနော့်ညီ ဆန်းမြင့်အောင်နဲ့ သူငယ်ချင်းတွေ ကွန်ကရစ်ထဲမြုပ်သွားပြီးတော့ ပြိုကျလာတဲ့ သံပိုက်တွေ ကြားထဲမှာ ပိတ်မိသွားတယ်။ သူတို့ကို ဆွဲထုတ်ဖို့ ကျနော်တို့ ကြိုးစားပေမယ့် ကျနော်တို့ကိုယ်တိုင် မလုပ် နိုင်ခဲ့ဘူး။ ဒါကြောင့် ကယ်ဆယ်ရေးသမားတွေ ရောက်လာတဲ့ အချိန်ကို စောင့်ခဲ့ရတယ်”ဟုလည်း သူက ဆက်ပြောသည်။

ကယ်ဆယ်ရေးသမားများ၊ မီးသတ်သမားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန် ထမ်းများ ငြမ်းပြိုကျပြီး မိနစ် အနည်းငယ် အကြာတွင် ရောက်ရှိလာခဲ့ပြီး အလုပ်သမားများကို ခက်ခဲစွာ ကယ်ထုတ်ယူခဲ့ကြရသည်ဟု ဆိုသည်။

သို့သော်လည်း ကွန်ကရစ်၏ ခြောက်သွေ့မှုက လျှင်မြန်သည့်အတွက် ကယ်ဆယ်ရေးများက ကွန်ကရစ် အောက်တွင် နစ်မြုပ်နေ သည့် အလုပ်သမားများကို ကယ်မထုတ်နိုင်ခဲ့ကြကြောင်း၊ တွန့်လိမ်နေသော သံပိုက်များ၊ သံတန်းများကလည်း ပိတ်မိနေသူများနှင့် ကယ်ဆယ်ရေးသမားများ ကြားတွင် အတားအဆီး ဖြစ်နေကြောင်း သိရသည်။

နာရီအနည်းငယ်ကြာသည့် အခါ သံပိုက်များကို ဖြတ်ထုတ်၍ ဖြတ်စက်များဖြင့် ကွန်ကရစ်များကို ခွဲထုတ် နိုင်ခဲ့ပြီး အလုပ်သမား ၁၈ ယောက်ကို အပျက်အစီးများကြားမှ အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ သို့သော်လည်း ကိုဆန်းမြင့်အောင် (၂၀ နှစ်)ကို ၃၃ နာရီကြာမှ ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ သူ၏ ကိုယ်ခန္ဓာ အောက်ပိုင်းတခုလုံးသည် ကွန်ကရစ်များကြားတွင် နစ်မြှုပ်နေခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ကြက်ခြေနီ အဖွဲ့မှ တာဝန်ရှိသူ တဦးဖြစ်သော ဦးဝင်းလွင်ထွန်းက ပြောသည်။

“ကိုအေးမြတ်ကို (၁၉နှစ်)ကို ကယ်ဆယ်ရေးသမားတွေ စပြီးတွေ့တဲ့အချိန်တုန်းက အသက်ရှင်နေသေး တယ်။ ဒါပေမယ့် သူ့ကိုညှပ် ထားတဲ့ သံပိုက်တွေကို ခက်ခက်ခဲခဲ ဖြတ်ထုတ်နေတုန်းမှာပဲ နာရီအနည်းငယ် အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်”ဟုလည်း ၎င်းက ပြောပြသည်။

သံပိုက်များကို ၇ နာရီခန့်ကြာ ဖြတ်ထုတ်ဖယ်ရှားပြီးမှ ကိုအေးမြတ်ကို၏ ရုပ်အလောင်းကို ကယ်ဆယ်ရေး သမားများက ထုတ်ယူနိုင်ခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့မှာ လူအင်အားရှိပါတယ်။ ဒါပေမယ့် စက်ပစ္စည်း လုံလုံလောက်လောက် မရှိဘူး။ နည်းပညာနဲ့ ကိရိယာ အားနည်းမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းကို နှေးကွေးစေခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်း တွေ နှောင့်နှေးမှုရှိခဲ့တဲ့အတွက် ကျနော်တို့ အလွန် စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်”ဟု မြန်မာနိုင်ငံ ကြက်ခြေ နီ အသင်းနှင့် အတူပူးပေါင်း၍ ကယ်ဆယ်ရေး လုပ်ငန်းများကို ဦးဆောင်နေ သော မန္တလေးတိုင်း မီးသတ် တပ်ဖွဲ့ ဦးစီးမှူး ဦးသန်းဇော်ဦး ကပြောသည်။

၎င်းက ဆက်လက်၍“ကျနော်တို့ ဒီထက်သာ ကြန့်ကြာခဲ့မယ်ဆိုရင် ကိုဆန်းမြင့်အောင်ရဲ့ ဘ၀က ဘယ်လိုဖြစ်မယ်ဆိုတာ မမှန်းဆနိုင်ဘူး။ သူ အသက်ရှင်ခဲ့တဲ့အတွက် ကျနော်တို့ ၀မ်းသာပါတယ်။ ဒါပေမယ့် လူ ၂ ယောက်သေဆုံးခဲ့ရတဲ့အတွက်လည်း စိတ်မ ကောင်းဖြစ်ရပါတယ်”ဟုလည်း ပြောဆိုသည်။

ကွန်ကရစ်များအောက်တွင် မြုပ်နေသော အလောင်းကို ဖော်ယူနိုင်ရန် ကယ်ဆယ်ရေး အဖွဲ့များက ယနေ့ လည်း ဆက်လက်ကြိုးစား နေကြသည်။

သံပိုက်များဖြင့် ပြုလုပ်သည့်ငြမ်းပြိုကျရခြင်းကို မန္တလေး အခြေစိုက် အင်ဂျင်နီယာများကလည်း ဝေဖန်ပြစ် တင်ခဲ့ကြသည်။ အဖြစ် အပျက်နှင့် ပတ်သက်၍ စုံစမ်းမှုများပြုလုပ်လျက်ရှိသည်။

“သံပိုက်တွေက အလေးချိန်ဒဏ် မခံနိုင်လောက်အောင် သေးငယ်နေတာမျိုး ငြမ်းမှာ ပြစ်ချက်တွေ အများ ကြီး ရှိနိုင်ပါတယ်။ ကြမ်းပြင်ရဲ့ အောက်ခြေ အမြင့်ကလည်း မြေပြင်နဲ့ ဝေးလွန်းတယ်။ အောက်ခြေမြေ ပြင်က ကွန်ကရစ် ရဲ့ အလေးချိန်ကို ခံနိုင်လောက် အောင် မာကျောမှု မရှိတာလည်း ဖြစ်နိုင်ပါ တယ်”ဟု မန္တလေးမြို့မှ အင်ဂျင်နီယာ တဦး ဖြစ်သည့် ဦးတင့်လွင်က ပြောသည်။

Pullman ဟိုတယ် ဆောက်လုပ်ရေး စီမံကိန်းအတွက် အဓိက ကန်ထရိုက် ရရှိသည့် ကုမ္ပဏီများမှာ New Star Light၊ C.A.D နှင့် ဉာဏ်မိသားစု ဆောက်လုပ်ရေး ကုမ္ပဏီတို့ ဖြစ်သည်။ စီမံကိန်း အတွက်ရင်းနှီးမြှုပ် နှံသည့် ကုမ္ပဏီမှာ Regal Hospitality Co.,Ltd ဖြစ်သည်။

ယခု မတော်တဆဖြစ်ရပ်သည် ဉာဏ်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူထားသည့် အပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရ၊ သေဆုံး သည့် အလုပ်သမားများအတွက် တာဝန်ယူမည်ဖြစ်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူများက ပြောသည်။

Singapore iBuild Project Management အပါအ၀င် မန္တလေးမြို့တော် စည်ပင်မှ ဆောက်လုပ်ရေး ဌာနနှင့် မန္တလေးတိုင်း ပြည်သူ့ ဆောက်လုပ်ရေး ဌာနတို့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

ဧရာဝတီ


No comments:

Post a Comment

My Blog List