Tuesday, February 17, 2015

ကိုးကန့်တိုက်ပွဲမှာ ဘယ်သူတွေ ပါဝင်ပတ်သက်သလဲ


ကိုးကန့်ဒေသမှာ အစိုးရစစ်တပ်နဲ့ မြန်မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) ဖြစ် ပွားနေတဲ့ တိုက်ပွဲတွေမှာ ပါဝင်နေတဲ့ အခြားတိုင်းရင်းသား တပ်ဖွဲ့ဝင် အချို့အနေနဲ့ ဒီဖြစ်ပွားမှုနဲ့ပတ်သက်ပြီး တာဝန်ယူရလိမ့်မယ်လို့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။
နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံ စဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကိုးကန့်တိမ်းရှောင်အဖွဲ့များနှင့် တိုက်ပွဲဖြစ်စဉ် များတွင် အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပါဝင်ပတ်သက်မှုများ အထောက် အထားနှင့် ရှိနေ ပါကြောင်း၊ ယင်းအတွက်လည်း တာဝန်ယူရမည်ကို ပြောကြား လိုပါကြောင်း” နိုင်ငံပိုင် သတင်းဌာနတွေ က ဖော်ပြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၉ ခုနှစ်မှာ တပ်မတော်က လောက်ကိုင်မြို့ကို ဝင်ရောက်သိမ်းပိုက် အပြီး MNDAA ရဲ့ ခေါင်းဆောင် ဖုန်ကြားရှင်ဟာ သားမက်ဖြစ်သူ ဦးစိုင်းလင်းရဲ့ အမျိုးသား ဒီမို ကရက်တစ် မဟာမိတ်တပ်ပေါင်းစု – ရှမ်းပြည်အရှေ့ပိုင်း (NDAA-ESS) ထိန်းချုပ်ရာ မိုင်းလား အထူးဒေသ ၄ မှာ သွားရောက်ခိုလှုံခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် လောက်ကိုင်ဒေသကို ဝင်တိုက်တဲ့ ကိုးကန့် အဖွဲ့ MNDAA ကို အင်အားကြီး တိုင်းရင်းသား လက် နက်ကိုင် တပ်ဖွဲ့ကြီးတွေ ဖြစ်တဲ့ ‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) က ကူညီထောက် ပံ့မှု ရှိခဲ့နိုင်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက တွက်ဆနေကြပါတယ်။

မြန်မာ့အရေး ကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလင့်တနာက “စိုင်းလင်းဟာ ဖုန်ကြားရှင်ရဲ့ သားမက်ဖြစ်တော့ ဆက်စပ်မှုရှိမှာပဲ။ ဒါပေမယ့် ကိုးကန့်တရုတ် MNDAA ဟာ UWSA လို NDAA လို တပ်တွေဆီမှာ သင်တန်းတက်ဖို့ လိုမယ်လို့ ကျနော် မထင်ဘူး။ သေနတ်နဲ့ ခဲယမ်းမီးကျောက်တွေက UWSA ဆီက လာတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး” လို့ ဧရာဝတီကို ပြောပါတယ်။

UWSA နဲ့ အမျိုးသား ဒီမို ကရက်တစ် မဟာမိတ်တပ်ပေါင်းစု – ရှမ်းပြည်အရှေ့ပိုင်း (NDAA-ESS) မိုင်းလား အထူးဒေသ ၄ ကတော့ သူတို့ အနေနဲ့ ပါဝင် ပက်သက်မှုမရှိဘူးလို့ ငြင်းဆိုပါတယ်။

မိုင်းလားအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မောင် က “မိုင်းလားရော၊ ဝ အဖွဲ့ရော မပတ်သက်ပါဘူး။ ပါဝင်မှုလည်း မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က ပြည်တွင်းစစ် ငြိမ်ချင်တယ်။ ပြည်တွင်းစစ် တိုက်ရင် ပြည်သူလူထုပဲနာတယ်။ မထောက်ခံပါဘူး။ ဆွေးနွေးပြီးမှ ဖြေရှင်းပါလို့ပဲ ကျနော်တို့ မျှော်လင့် တယ်” လို့ ဧရာဝတီကို ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့လည်း ပတ်သက်မှုရှိနိုင်တယ်လို့ ထင်မြင်ချက်တွေ ရှိနေလို့ တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် မရရှိခဲ့ပါဘူး။ ဒါပေမယ့် လွတ်လပ်တဲ့ အာရှအသံ (RFA) က ဆက်သွယ်ထားရာမှာတော့ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ကိုးကန့် နဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ KIA မပါဝင်ကြောင်း ငြင်းဆိုထားတာတွေ့ရပါတယ်။

ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)နဲ့ ရခိုင်တပ်မတော် (AA) တို့ ကတော့ ကိုးကန့်ဒေသတွင် အစိုးရစစ်တပ်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ MNDAA နဲ့အတူ ပူးပေါင်း ပါဝင်ကြောင်း ဧရာဝတီက မေးမြန်းမှုမှာ ပြောဆိုပါတယ်။

TNLA အထွေထွေအတွင်းရေးမှူး မိုင်ဘုန်းကျော်က “ကျနော်တို့ အနေနဲ့ ကိုးကန့်တိုက်ပွဲမှာ ပါဝင်ရတယ်ဆို တာက နံပတ်တစ်က ကိုးကန့်အဖွဲ့ဟာ ကျနော်တို့ရဲ့ မဟာမိတ်ဖြစ်တယ်။ နံပတ်နှစ်က ကိုးကန့်ဒေသဟာ တရုတ်နိုင်ငံမဟုတ်ဘူး။ ကျနော်တို့ မြန်မာနိုင်ငံဖြစ်တယ်။ နောက်ပြီးတော့ အဲဒီဒေသမှာ ကိုးကန့်လူမျိုးပြီးရင် ကျနော်တို့ ပလောင် (တအာန်း) လူမျိုးဖြစ်တယ်။ ကျနော်တို့ လူထုတွေလည်း ခံစားနေရတာ ဖြစ်တဲ့ အတွက် ကာကွယ်ဖို့ အတွက် ဒီတိုက်ပွဲမှာ ပူးပေါင်းဆောင်ရွက်ရတာ ဖြစ်တယ်” လို့ ဧရာဝတီကို ပြောပါတယ်။

ကိုးကန့်ဟာ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ပါဝင်သလို ညီညွှတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒ ရယ်ကောင်စီ (UNFC) အဖွဲ့ဝင်လည်းဖြစ်ကြောင်း၊ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) အဖွဲ့ဝင်လည်း ဖြစ်ကြောင်း ဒါကြောင့် မဟာမိတ်တပ်ဖွဲ့ဖြစ် တဲ့ MNDAA အခက်အခဲတွကို ကူညီတဲ့ အနေနဲ့ အတူ ပူးပေါင်း တိုက်ပွဲဝင်ခြင်းဖြစ်ကြောင်း ရက္ခိုင့် တပ်မတော် (AA) ဘက်က ပြောပါတယ်။

ရက္ခိုင့်တပ်မတော် (AA) အဖွဲ့ရဲ့ ဒုတိယ ဗိုလ်မှူးကြီး ကျော်ဟန် က “ကျနော်တို့ဟာ ကိုယ့်နိုင်ငံကို တိုင်းတပါး က ကျူးကျော်လာပြီဆိုရင် ကျနော်တို့ရဲ့ သေနတ်ပြောင်းဝဟာ ကျုးကျော်တဲ့ နိုင်ငံခြားသားတွေဘက်ကို လှည့်မှာဘဲဖြစ်တယ်။ အခုဟာက ကျနော်တို့ တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ အစိုးရနဲ့ ဖြစ်တဲ့ တိုက်ပွဲ အပေါ်မှာ ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့အချင်းချင်း ဝိုင်းကူတာပဲဖြစ်တယ်။ နိုင်ငံခြားသားနဲ့ ပူးပေါင်း ဆောင်ရွက်တာမဟုတ်ဘူး။ နိုင်ငံခြားသားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် ကျနော်တို့မှာ မူလည်းမရှိဘူး။ ပေါ်လစီလည်း မရှိဘူး။ ဒီတိုက်ပွဲမှာ နိုင်ငံခြားသား တရုတ်တွေ ပါဝင်ပူးပေါင်းတယ်ဆိုတာ မဟုတ်ပါဘူး” လို့ ဒုတိယ ဗိုလ်မှူးကြီး ကျော်ဟန် က ပြောပါတယ်။

မနေ့က သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ကိုးကန့်တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရခဲ့သည့် စစ်သည်တွေကို သွားရောက်ကြည့်ရှုခဲ့ပြီး အားပေးစကားပြောရာမှာ ကာချုပ်က “အချုပ်အခြာ အာဏာကို ထိန်းသိမ်း ကာကွယ်သည့် တရားသော စစ်ကို ဆင်နွှဲနေခြင်းဖြစ်၍ ရဟန်းရှင်လူ အပေါင်းကလည်း အားပေး ထောက်ခံလျက် ရှိပါကြောင်း” ဒဏ်ရာရ အရာရှိ၊ စစ်သည်များ၏ မိသားစုများ ကို ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှာ မဟုတ်ဘူးလို့ ဘာတေးလင့်တနာက ပြောပါတယ်။ ဒါပေမယ့် ” UWSA နဲ့ အလုပ်တွဲလုပ်နေတဲ့ တရုတ်လုံခြုံရေးအရာရှိတွေ မသိပဲနဲ့ အခုလို ဖြစ်လာနိုင်ဖို့ဆို တာ တွေးရခက်ပါတယ်။ အခုထိတော့ MNDAA ဟာ တရုတ်မြေကို သုံးခဲ့တယ် သို့မဟုတ် သုံးဖို့ ဆန္ဒရှိ တယ်ဆိုတာကို ပြသတဲ့ အချက်အလက် မရှိသေးပါဘူး” လို့ ပြောပါတယ်။

တရုတ် ဘေဂျင်းအစိုးရရဲ့ တရားဝင် ပေါ်လစီကတော့ နယ်မြေအေးချမ်းတည်ငြိမ်ရေးအတွက် နှစ်ဘက် တွေ့ ဆုံညှိနှိုင်းဖို့ တိုက်တွန်းပြောဆိုတာပဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့ကစပြီး ကိုးကန့်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေ ရှိနေသလို လောက်ကိုင် မြို့ခံတွေနဲ့ တိုက်ပွဲဖြစ်ပွားရာအနီးက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ အိုးအိမ်တွေ ကို စွန့်ခွာပြီး တရုတ်နိုင်ငံဘက်ကို သွားရောက် ခိုလှုံတာတွေရှိသလို မြန်မာနိုင်ငံအတွင်းရှိ လားရှိုးမြို့နဲ့ အခြားမြို့တွေမှာလည်း ဝင်ရောက်ခိုလှုံနေတာတွေရှိပါတယ်။

လက်ရှိအခြေအနေမှာ တိုက်ပွဲတွေက ကြိုကြား ဖြစ်ပွားနေဆဲဖြစ်ပြီး အစိုးရ စစ်တပ် ထိန်းချုပ်ထား တဲ့ လောက်ကိုင်မြို့ထဲ ပစ်ခတ်မှုတွေကြောင့် မြို့ခံအရပ်သားအချို့ သေဆုံးမှုတွေရှိနေတယ်လို့ သတင်းတွေ ထွက်နေပါ တယ်။ အတည်ပြုချက် ရယူနိုင်ခြင်းတော့ မရှိပါ။

ဧရာဝတီ

No comments:

Post a Comment

My Blog List