Thursday, August 28, 2014

အန်အယ်လ်ဒီက မီဒီယာဥပဒေနှင့်ပတ်သက်ပြီး အကြံတောင်း

  
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ဗဟိုလွှတ်တော်ရေးရာကော်မတီက သတင်းမီဒီယာလွတ်လပ် ခွင့်ဥပဒေနဲ့ ပတ်သက်ပြီး အကြံပြုချက်တောင်းတဲ့ ဆွေးနွေးပွဲတခုကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါ တယ်။

အန်အယ်လ်ဒီက သတင်းမီဒီယာလွတ်လပ်ခွင့် ဥပဒေနဲ့အညီ ရရှိသုံးစွဲဖို့ ပြည်သူ့လွှတ်တော်ကို တင်သွင်းဖို့ ရှိနေပြီး  မီဒီယာသမားတွေဆီကနေ အကြံပြုချက်တောင်းခံခဲ့တာပါ။

အန်အယ်လ်ဒီ ပြည်သူ့ လွှတ်တော်အမတ် ဦးဖြိုးမင်းသိန်းကတော့ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ မီဒီယာဥပဒေကို တိုက်တွန်းကြောင်း အဆိုတင်ဖို့ စာရင်းသွင်းထားပြီး  မီဒီယာသမားတွေရဲ့အကြံပြုချက်တွေ နဲ့ လာမယ့်လွှတ်တော်မှာ အဆိုတင်သွင်း သွားမယ် လို့ ပြောပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် သတင်းစာဆရာ ဦးကိုကိုကတော့ သတင်းမီဒီယာ သမားတွေ သတင်းရယူဖို့အတွက် လွတ်လပ်စွာ သတင်းအချက် အလက်ရယူခွင့် ဥပဒေရဖို့ လိုအပ်နေပြီး  အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့လည်း ဆွေးနွေးပွဲမှာ အကြံပြုခဲ့ပါတယ်။

အန်အယ်လ်ဒီ ဗဟိုလွှတ်တော်ရေးရာကော်မတီရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ဥပဒေနဲ့ ပတ်သက်ပြီး အကြံပြုဆွေးနွေးပွဲကို သတင်းမီဒီယာသမား ၅၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့က စာပေလောကသားတွေနဲ့ တွေ့ဆုံခဲ့ပြီး စာနယ်ဇင်းလောက၊ စာပေလောကသားတွေ ဥပဒေနဲငြိစွန်းပါက ၁၉၉၅ ခုနှစ်ကတည်းက ဖွဲ့ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက် အကူအဖွဲ့က ကူညီဖို့ အသင့်ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က  သတင်းမီဒီယာဥပဒေနဲ့ ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ ပြန်ကြားရေးဝန်ကြီး ဌာနတို့အကြား အငြင်းပွားမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ပါတယ်။

အငြင်းပွားမှုတွေဖြစ်ပြီးနောက် စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားတဲ့ သတင်းမီဒီယာဥပဒေကို ပြင်ဆင်ချက်တချို့နဲ့ ပြည်သူ့လွှတ်တော်က ၂၀၁၃ နိုဝင်ဘာလမှာ အတည်ပြုခဲ့ပါတယ်။

ကျန်ရှိနေတဲ့ နည်းဥပဒေမူကြမ်းကို စာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲထားပြီး ပြန်ကြားရေးဝန်ကြီးဌာန ကို ဇွန်လကုန်လောက်က ပြန်တင်ပြထား တာဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List