Wednesday, August 27, 2014

ဓမ္မစေတီခေါင်းလောင်းကြီးကို တွေ့ရှိပြီဟု သြဂုတ် ၂၆ ရက်တွင် ခေါင်းလောင်းရှာဖွေရေးအဖွဲ့မှ သတင်းထုတ်ပြန်၊ မကြာမီရက်ပိုင်းအတွင်း ကုန်းပေါ်အရောက် သယ်မည်ဟုဆို


ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်း သုံးခွဆုံနေရာတွင် နစ်မြုပ်နေသည်ဟုဆိုသည့် ဓမ္မစေတီ ခေါင်းလောင်းကြီးကို တွေ့ရှိပြီဟု ခေါင်းလောင်းရှာဖွေရေးခေါင်းဆောင် ဦးစံလင်းက သြဂုတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ယင်းနေ့မတိုင်မီ ကာလများတွင် ခေါင်းလောင်းတွေ့ရှိခြင်း မတွေ့ရှိခြင်းနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန် ခြင်း မရှိသေးဘဲ သြဂုတ် ၂၆ ရက်တွင်မှ ယခုကဲ့သို့ ခေါင်းလောင်းကြီးအား တွေ့ရှိပြီဟု ရှာဖွေရေးအဖွဲ့မှ တရားဝင်သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း ခေါင်းလောင်းကြီးကို ကုန်းပေါ်သို့ အရောက်သယ်ယူမည်ဟု ထုတ်ပြန်ခဲ့သည်။

ဦးစံလင်းက “ခေါင်းလောင်းကြီးတွေ့ပြီလို့ ကျွန်တော်တို့ ခေါင်းလောင်းဆယ်ယူရေး အဖွဲ့ကနေ ကြေညာ ချက် ဒီနေ့ထုတ်ပြန်လိုက်ပါပြီ။ အဲ့ဒီထုတ်ပြန်ချက် စာရွက်တွေကိုလည်း လိုက်ဝေနေပါတယ်။ လက်ရှိအချိန် မှာတော့ ကျန်တဲ့တူးဖော်မှု လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေရတဲ့အတွက် ဆယ်ယူမယ့်အပိုင်း ကိုတော့ အသေးစိတ် မဆွေးနွေးရသေးပါဘူး” ဟု သြဂုတ် ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်က ပြောကြားသည်။

သြဂုတ် ၂၆ ရက်တွင် သောင်တူးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး ကြည့်ရှုသည့်လူ များဖြင့် သာကေတဘိုးလင်းဆိပ်ကမ်းတွင် စည်ကားလျက်ရှိနေကာ လာရောက်ကြည့်ရှုသူများကို စတုဒိသာ မုန့်ဟင်းခါးများ ကျွေးမွေးလှူဒါန်းနေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

ယင်းနေ့မတိုင်မီ ညပိုင်းကပင် ခေါင်းလောင်းကြီးအား တွေ့ရှိကာ ကြိုးများဖြင့် ဆိုင်းထားပြီဟု ကောလာ ဟလသတင်းများ ထွက်ပေါ်ခဲ့ပြီး ဦးစံလင်းမှ ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ခေါင်းလောင်းကြီးကို သြဂုတ် ၂၆ ရက်တွင် ရေထဲမှကုန်းပေါ်သို့ အပြီးဆယ်ယူမည်ဟု ပြောကြားထားသည်။

ခေါင်းလောင်းရှာဖွေရေး အထောက်အကူပြု ဆပ်ကော်မတီ ဒုဥက္ကဋ္ဌ ဦးနိုင်မင်းအောင်က “ခါင်းလောင်းကြီး ကို တွေ့ပြီလို့ ဦးစံလင်းတို့က အတည်ပြုလိုက်ပါပြီ။ ခေါင်းလောင်းကြီးကို ကုန်းပေါ်ကိုဆယ်ယူဖို့အတွက် လိုအပ်တဲ့ကိရိယာတွေ ကြိုးတွေကို ပြင်ဆင်နေပြီလို့ ကျွန်တော်တို့သိရတယ်” ဟု ပြောကြားသည်။

ခေါင်းလောင်းရှာဖွေရာအနီး လာရောက်ကြည့်ရှုသည့် လူများပြားသည့်အတွက် သမ္ဗာန်ပေါ်သို့ သတ်မှတ်လူ ဦးရေထက် ပိုမတင်ရန်နှင့် အသက်ကယ်ဝတ်စုံများ ၀တ်ဆင်ထားပြီးမှသာ ရေထဲသို့ ထွက်ခွာသွားရန်နှင့် ခေါင်းလောင်းဆယ်ယူနေသည့် လုပ်ငန်းခွင်အနီးသို့ သတ်မှတ်ထားသည်ထက် ပို၍မသွားလာရန် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်များက လာရောက်ပြောဆို သတိပေးခဲ့သည်ကို သြဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် တွေ့ခဲ့ရသည်။

ဓမ္မစေတီခေါင်းလောင်းကြီးကို ခရစ်နှစ် ၁၄၈၅ ခုနှစ်က မွန်ဘုရင်ဓမ္မစေတီ မင်းက သွန်းလုပ်ခဲ့ခြင်းဖြစ် ကြောင်း၊ အလေးချိန်မှာ တန်ချိန် ၂၉၀ ကျော်ရှိနိုင် သည်ဟု ဘုရားသမိုင်း စာအုပ်အချို့တွင် ရေးသား ဖော်ပြထားသည်ကို တွေ့ရပြီး ပြန်လည်ရှာဖွေ ဆယ်ယူရရှိနိုင်ခဲ့ပါက ကမ္ဘာပေါ်တွင် အလေးချိန်အများဆုံး ခေါင်းလောင်းကြီးဖြစ်နိုင်ဖွယ်ရှိကာ လက်ရှိကမ္ဘာပေါ်တွင် အကြီးဆုံး ခေါင်းလောင်းမှာ ရုရှားနိုင်ငံ မော်စကို မြို့ရှိ ၁၈၃၃ ခုနှစ်တွင် သွန်းလုပ်ခဲ့သည့် တန်ချိန် ၂၀၀ ကျော်ရှိသည့် ဇာကိုလိုကောခေါင်းလောင်းကြီး ဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List