Wednesday, July 02, 2014

မန္တလေးပဋိပက္ခတွင် ရဲတစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရဟု ထုတ်ပြန် သေနတ်သုံးချက်ဖောက် လူစုခွဲရသည်ဟု ရဲတပ်ဖွဲ့ အတည်ပြု







မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် ဇူလိုင်၁ရက် ညက ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ဆိုင်၊ အိမ်၊ ကားများ ပျက်စီးခဲ့ပြီး လူငါးဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး ဦးစီးပထမတန်း ဒုရဲမှူးကြီး ဦးဇော်မင်းဦးက ဇူလိုင်လ ၂ရက် နံနက် ၉နာရီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက် သည်။

ဇူလိုင်လ ၁ရက် ညနေက မန္တလေးမြို့ ၂၆လမ်းနှင့် ၂၇လမ်းကြား၊ ၈၁လမ်းနှင့် ၈၂လမ်းကြားရှိ နေလ္ဘက်ရည် ဆိုင်ကို ရဲတပ်ဖွဲ့က စစ်ဆေးရန် ပိတ်သိမ်းခိုင်းရာက စပြီး ဘာသာရေး ပဋိပက္ခအသွင် ဆောင်လာပြီး ည ၁ဝနာရီခွဲခန့်တွင် လူစုလူဝေး ထပ်မံ ပေါ်ပေါက်ခဲ့ရာ အုတ်ခဲကျိုး၊ ပုလင်းခွံ၊ တုတ်များဖြင့် ပစ်ပေါက်ခဲ့၍ ဆိုင်၊ အိမ်နှင့် ကား ၁၁စီး ပျက်စီးခဲ့သည်။ လူငါးဦးမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး ဦးစီးပထမတန်း ဒုရဲမှူးကြီး ဦးဇော်မင်းဦးက ပြောသည်။ ဒဏ်ရာရသူများသည် စိုးရိမ်ရသည့် အခြေအနေမဟုတ်ဘဲ ဖူးယောင်၊ ပေါက်ပြဲဒဏ်ရာမျိုးသား ဖြစ်သည်ဟု ၎င်းက ပြောသည်။

ဒဏ်ရာရရှိသူများထဲတွင် ရဲတပ်ဖွဲ့ဝင် တစ်ဦး ပါဝင်ခဲ့ပြီး ည ၁၁နာရီခန့်တွင် သေနတ် သုံးချက်ဖောက်ကာ လူစုခွဲခဲ့သည်ဟုလည်း ဒုရဲမှူးကြီး ဦးဇော်မင်းဦးက ပြောသည်။

“လူစုကွဲစေဖို့အတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၄ဝဝကျော်၊ လုံခြုံရေးတပ်ဖွဲ့ခွဲ အင်အား ၃ဝဝနီးပါးနဲ့ နယ်မြေ လုံခြုံရေး လုပ်ဆောင်ခဲ့ပါတယ်၊ ဖြစ်စဉ်ကိုကြည့်ရှုသူ လေးဦးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်၊ လူစုလူဝေးဖြစ်ပေါ်တဲ့အတွက် ၂၆-၈၆လမ်းထောင့်မှာ ရော်ဘာကျည်ဆံ ၃ချက်ပစ်ဖောက်ခဲ့ပါတယ် ” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး ဦးစီးပထမတန်း ဒုရဲမှူးကြီး ဦးဇော်မင်းဦးက ပြောသည်။

ပဋိပက္ခ ဖြစ်ပွားရာ နေရာတွင် လူတစ်ခုက ကမ္ဘာမကြေ သီချင်းသီဆိုခြင်း၊ လူစုလူဝေးဖြင့် အုတ်ခဲကျိုး၊ ပုလင်းခွံ့ ကိုင်ဆောင်၍ ၂၆လမ်း၊ ၈၆လမ်းထောင့်တွင် လမ်ေးဘးဝင်းထရံများအား ပစ်ပေါက်ခဲ့ခြင်း၊ ဇူလိုင် ၂ရက်နေ့ နံနက် ၂နာရီခန့်တွင် ၂၄၂၅လမ်း၊ ၈၂-၈၄လမ်းကြားတွင် သံဃာအပါး ၄ဝ၊ လူအင်အား ၄၅ဝ ဦးတို့က တုတ်၊ ဓားများကို ကိုင်ဆောင်လျက် ဆူပူမှုများဖြစ်ပွားခဲ့ခြင်းနှင့် ၂၆လမ်း ၈၇-၈၈လမ်း ကြားတွင် ရပ်တန့်ထားသော ဟိုင်းလတ်ယာဉ်အမျိုးအစားတစ်စီး မီးလောင် ပျက်စီးခဲ့ခြင်းတို့ ဖြစ်ပွားခဲ့သည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“ဆက်လက်၍ ဖြစ်စဉ်ဖြစ်ပွားမှုများမဖြစ်အောင် အထူးကြပ်မတ် ဆောင်ရွက် သွားမှာဖြစ်တယ်၊ ပြည်သူတွေ ဘက်ကလည်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိရင် သတင်းပေးဖို့အတွက်လည်း အကူအညီတောင်းခံပါတယ်” ဟု ဒုရဲမှူးကြီး ဇော်မင်းဦး ကပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List