Tuesday, July 22, 2014

ကိုရီးယားကူးတို့ရေယာဉ် နစ်မြုပ်မှုအတွက် ရဲက အလိုရှိနေသော သူဌေးကြီး၏ အလောင်းရှာတွေ့


ပြီးခဲ့သည့်လက ကွင်းပြင်တစ်ခုတွင် တွေ့ရှိခဲ့ရသည့် ရုပ်အလေင်းသည် Sewol ကူးတို့ရေယာဉ် နစ်မြုပ် မှုနှင့် ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် လုပ်ငန်းရှင်သူဌေး ယူဗြောင်အွန်ဖြစ်ကြောင်း တောင်ကို ရီးယား ရဲတပ်ဖွဲ့က အတည်ပြု ကြေညာခဲ့သည်။

တောင်ကိုရီးယား ရဲတပ်ဖွဲ့က ဇွန်(၁၂)ရက်က တွေ့ရှိထားသည့် ရုပ်အလောင်းသည် မိမိတို့ လိုက်လံ ရှာဖွေနေသည့် လုပ်ငန်းရှင်သူဌေး ယူ၏ အလောင်းဖြစ်သည်ဟု ဇူလိုင်(၂၂)ရက်တွင် အတည်ပြုခဲ့သည်။ ဧပြီလက ယူ၏ မိသားစုက

ပိုင်ဆိုင်သော Sewol ကူးတို့ရေယာဉ် နစ်မြုပ်ရာ ကျောင်းသူကျောင်းသား လူငယ်အများစု အပါအဝင် လူ(၃၀၀)မျှ အသက်ဆုံးရှုံးခဲ့ရသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ယူကို ရဲတပ်ဖွဲ့နှင့် စစ်တပ်များက စစ်ဆေးရေးဂိတ်များတွင် ပိုက်စိပ်တိုက် စောင့်ကြည့် ရှာဖွေနေပြီး ၎င်းပိုင်ဆိုင်သည့် အိမ်ရာများကို စီးနင်းခဲ့သော်လည်း လွတ်မြောက်နေခဲ့သည်။ သို့သော်လည်း ယခုအခါ

ဘီလျံနာသူဌေးကြီး ယူသည် သေဆုံးခဲ့ပြီးဖြစ်ကြောင်း ရဲများက ရှာဖွေတွေ့ရှိခဲ့သည်။ ဆိုးလ်မြို့တော်မှ တောင်ဘက် ကီလိုမီတာ (၃၀၀)မျှအကွာ ဆန်ချီယွန်းမြို့ အပြင်ဘက် ကွင်းပြင်တစ်ခုတွင် ရှာဖွေတွေ့ ရှိခဲ့သည့် အလောင်းသည်ယူပင်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

အလောင်းကို မြို့ခံများက တွေ့ရှိချိန်တွင် ဆိုးဆိုးရွားရွား ပုပ်ပွနေပြီဖြစ်ပြီး မည်သူမည်ဝါ မမှတ်မိခဲ့ချေ။ DNA စစ်ဆေးမှု ရလဒ်များ ထွက်ပေါ်လာမှသာ ယူဖြစ်ကြောင်း အတည်ပြုချက် ရယူနိုင်ခဲ့ခြင်းဟု သိရသည်။

မှုခင်းဆေးပညာရှင်များသည် အလောင်း၏ လက်ဗွေတစ်ခုကို တိုက်ဆိုင်စစ်ဆေးပြီးနောက် အလောင်းသည် ယူပင်ဖြစ်ကြောင်း ရဲများထံ အသိပေးခဲ့သည်။

ဆန်ချီယွန်း ရဲတပ်ဖွဲ့မှ အကြီးအကဲ ဝူဟောင်ဟိုက ယူသေဆုံးမှုနှင့် ပတ်သက်၍ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဆိုသည်။ “လူသတ်မှုလား၊ ကိုယ့်ကိုယ်ကိုယ် သတ်သေသလား ဆိုတာကိုတော့ ကျွန်တော်တို့ကွဲကွဲပြားပြား မသိရသေးဘူး။ မှုခင်း ဆေးပညာရှင်တွေ အနေနဲ့ ဒီထက်ပိုပြီး အသေးစိတ်ကျကျ စုံစမ်းမှု အဖြေတွေ ထုတ်ပေးနိုင်ဖို့ပဲ မျှော်လင့်ထားပါတယ်”ဟု ဝူက ပြောကြားခဲ့သည်။ လတ်တလောတွင် အလောင်း၌ အဆိပ်သင့်မှု

လက္ခဏာများ ရှိမရှိ စစ်ဆေးနေပြီး မည်သည့်အချိန်က သေဆုံးသည်ကို အဖြေရှာနိုင်ရန်လည်း ကြိုး စားနေဆဲ ဖြစ်သည်။

Sewol ကူးတို့သင်္ဘော နစ်မြုပ်မှုတွင် ယနေ့အချိန်ထိ သေဆုံးသူ အရေအတွက် (၂၉၄)ဦးကို အတည်ပြုနိုင် ခဲ့ပြီး (၁၀)ဦးမှာမူ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ယူသည် သင်္ဘောနစ်မြုပ်မှုအပြီး တရားရုံး၏ သမ္မန်စာထုတ် ဆင့်ခေါ်မှုကိုငြင်းပယ်ကာ ပုန်းရှောင်နေသည့်နောက် အစိုးရက ၎င်းကို ဝမ်သန်း(၅၀၀) ဆုငွေထုတ် ထားခဲ့သည်။ 

ယူသည် Sewol ကို ကွပ်ကဲသည့် Chonghaejin Marine ကုမ္ပဏီကို တိုက်ရိုက် မပိုင်ဆိုင်သော်လည်း ၎င်း၏ သားသမီးများနှင့်ဩဇာခံများက ကုမ္ပဏီ၏ အဓိက ရှယ်ယာရှင်များ ဖြစ်နေကြောင်း သိရှိရသည်။

Ref: Channelnewsasia
7Day News Journal 

No comments:

Post a Comment

My Blog List