Wednesday, March 05, 2014

ပြည်နယ်နှင့် တိုင်းများတွင် ငြိမ်းချမ်းရေးဖိုရမ်များ ကျင်းပမည်


တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် အရပ်ဘက် လူမှု အဖွဲ့အစည်းများ ပိုမိုကျယ်ပြန့်စွာ ပါဝင်နိုင်ရန် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ငြိမ်းချမ်းရေး ဖိုရမ်များ ကျင်းပမည် ဖြစ်ကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် ပြောရေးဆိုခွင့်ရ ဦးရန်ကျော်က ပြောကြား သည်။

ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင် မတ်လ ၃ ရက်မှ ၄ ရက်နေ့အထိ ပြုလုပ်သည့် (၇) ကြိမ်မြောက် အရပ်ဘက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေး ဖိုရမ်အပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် ၂၀၁၂ ခုနှစ် သြဂုတ်လမှ စတင်၍ ငြိမ်းချမ်းရေး ဖိုရမ်ကို (၇) ကြိမ်မြောက်ထိ သုံးလတစ်ကြိမ် ကျင်းပခဲ့ပြီး (၈) ကြိမ်မြောက် ဖိုရမ်မတိုင်မီ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသဆိုင်ရာ ဖိုရမ်များ ကျင်းပရန် ဆုံးဖြတ်ခြင်း ဖြစ်ပြီး အသေးစိတ်ကို ဆက်လက် ညှိနှိုင်းရမည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခွန်ဂျာက ရှင်းပြသည်။

“ပြည်နယ်တွေမှာ ကျင်းပမှာ ဒါပထမဆုံးပဲ။ ပြီးတာနဲ့ ပုံမှန်အတိုင်း ရန်ကုန်မှာ (၈) ကြိမ်မြောက် ဖိုရမ်ပြန်လုပ်မှာ” ဟု ဦးရန်ကျော်က ဆိုသည်။

အရပ်ဘက် လူမှုအဖွဲ့အစည်း ငြိမ်းချမ်းရေး ဖိုရမ်ကို (၇) ကြိမ်မြောက် ကျင်းပနိုင်ပြီးနောက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ဖော်ဆောင်နေသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု များတွင် အောက်ခြေလူထု၏ လိုလားချက် အသံများကို ဆွေးနွေးပွဲများတွင် ထည့်သွင်း ဆွေးနွေးလာသည် အထိ အောင်မြင်မှု ရလာကြောင်း ဖိုရမ်ဦးဆောင်သူများက ပြောဆိုသည်။

နှစ်ရက်ကြာ ကျင်းပသည့် ဖိုရမ်သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စားပြုအဖြစ် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေးများ ပထမဆုံးအကြိမ်အဖြစ် ငြိမ်းချမ်းရေး ဖြစ်စဉ်များ လာရောက် ဆွေးနွေးခဲ့ကြောင်း ၎င်းတို့က ထပ်လောင်း ပြောဆိုသည်။

(၇) ကြိမ်မြောက် ဖိုရမ်သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှ အရပ်ဘက် အဖွဲ့အစည်းများ ပထမဆုံး အကြိမ်အဖြစ် စုံလင်စွာ ပါဝင်လာပြီး ပြည်ပအခြေစိုက် အဖွဲ့အစည်းအချို့ အပါအဝင် အဖွဲ့အစည်း ၇၂ ဖွဲ့နှင့် ကိုယ်စားလှယ်ဦးရေ တစ်ရာကျော် ပါဝင်ခဲ့ကြောင်း ဒေါ်ခွန်ဂျာက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List