Monday, March 17, 2014

ပထမဆုံးအကြိမ် ကျင်းပသည့် သွေးအားနည်းရောဂါ ကင်းဝေးရေး အစီ အစဉ် အမျိုးသမီး လေးထောင်ကျော် လမ်းလျှောက်


အားကစား ဝန်ကြီးဌာနနှင့် Ferrovit အားဆေးတို့ ပူးပေါင်း ကျင်းပသည့် မြန်မာနိုင်ငံ၏ ပထမဆုံး အကြိမ် သွေးအာနည်းရောဂါ ကင်းဝေးရေး စုပေါင်း လမ်းလျှောက်ပွဲကို မတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့ရာ အမျိုးသမီး လေးထောင်ကျော် ပါဝင်ခဲ့ကြောင်း Mega Lifesciences ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။
ယင်းလမ်းလျှောက်ပွဲကို အင်းလျား ကန်ပေါင်ရှေ့မှ စတင်ခဲ့ရာ မြေနီကုန်းရှိ ပြည်သူ့ရင်ပြင်၌ ပန်းဝင်ခဲ့ပြီး ပါဝင်သူ အားလုံးကို ယင်းကုမ္ပဏီ အမှတ်တံဆိပ် ဆွဲပြားများနှင့် အင်္ကျီများ ချီးမြှင့်ခဲ့ကြောင်း စုပေါင်း လမ်းလျှောက်ရာတွင် ပါဝင်ခဲ့သူများထံမှ သိရသည်။

ယင်းသို့ အမျိုးသမီးများ စုပေါင်း လမ်းလျှောက်ပွဲ ကျင်းပရခြင်းမှာ မြန်မာအမျိုးသမီးများ သွေးအား နည်းရောဂါ အကြောင်း အသိပညာပေးလို၍ ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ သွေးအားနည်း ရောဂါမှာ မြန်မာ လူမှုအဖွဲ့အစည်းအတွက် သတိထားရမည့် ရောဂါ ဖြစ်သည်ဟု Mega Lifesciences ကုမ္ပဏီ (မြန်မာပြည်) ဒါရိုက်တာက ပြောကြားသည်။

“ဒီသွေးအားနည်း ရောဂါကို မြန်မာ အမျိုးသမီးတွေ စိတ်ဝင်စားကြတယ်။ ကုမ္ပဏီက အင်္ကျီလေးထောင် စီစဉ်ထားတာ။ နောက်ကျတဲ့ သူတွေအတွက် အင်္ကျီ မပေးနိုင်ခဲ့ဘူး” ဟု ၎င်းကဆိုသည်။

ယင်းစုပေါင်း လမ်းလျှောက်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ အမျိုးသမီးများ၊ ရန်ကုန်အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းမှ သင်တန်းသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ (INGO, NGO) များမှ အမျိုးသမီးများနှင့် ကုမ္ပဏီ ဝန်ထမ်းအချို့နှင့် တောင်ငူမြို့မှ အမျိုးသမီး အချို့လည်း ပါဝင်ခဲ့ကြောင် Mega Lifesciences ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

စုပေါင်း လမ်းလျှောက်ပွဲပြီး ဆုံးချိန်၌ ပြည်သူ့ရင်ပြင်ရှေ့တွင် ရုပ်ရှင်သရုပ်ဆောင်နှင့် တေးသံရှင် ချစ်သုဝေ၊ မော်ဒယ်လ်နှင့် ကြော်ငြာသရုပ်ဆောင် တင်မိုးလွင်တို့နှင့် အတူ ကိုယ်လက်လှုပ်ရှား လေ့ကျင့် ခန်းများ ပြုလုပ်ခဲ့ကြပြီး ကျန်းမာရေဝးန်ကြီးဌာနမှ ဝန်ထမ်းများက အခမဲ့ ကျန်းမာရေး စစ်ဆေးမှု များ ပြုလုပ်ပေးခဲ့ကြောင်း ယင်းအစီအစဉ်တွင် ပါဝင်ခဲ့သူများက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List