Sunday, December 29, 2013

ပြင်ဆင်လိုသည့်အချက် (၁၆၈) ချက်ပါဝင်သည့် NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးသဘောထားကို လွှတ်တော်ကော်မတီသို့ ယနေ့ တင်သွင်းမည်

 29-12-2013
ပြင်ဆင်လိုသည့်အချက် ၁၆၈ ချက်ပါဝင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအပေါ် သဘောထားကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံသို့ ယနေ့ (ဒီဇင်ဘာ ၂၉ ရက်) တွင် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

NLD ပါတီမှ ပြင်ဆင်လိုသည့် အခန်းများတွင် အခန်း (၂) နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ အခန်းမှလွဲ၍ ကျန်သည့်အခန်း ၁၄ခန်းစလုံးပါဝင်ပြီး ပြင်ဆင်လိုသည့်အချက်များတွင် အုပ်ချုပ်ရေးကဏ္ဍ၌ အများဆုံး ပါဝင်ကြောင်း သိရသည်။

"ကျွန်တော်တို့ ၂၆ ရက်က ဗဟိုကော်မတီမှာ အဲဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ ဆွေးနွေးတယ်။ တိုင်ပင်ကြတယ်။ အပြီးသတ်ရေးတယ်။ ရေးပြီးသားဟာကို ဒီနေ့ဗဟိုကော်မတီမှာ အတည်ပြုတယ်။ ဒီအတည်ပြုတဲ့ဟာကို ကျွန်တော်တို့ ပူးပေါင်းကော်မတီကို တင်ဖို့က ဒီညနေသွားမယ်။ မနက်ဖြန်မနက်မှာ ပူးပေါင်းကော်မတီကို တင်မယ်" ဟု NLD ပြောရေးဆိုခွင့်ရှိသူနှင့် ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ဒီဇင်ဘာ ၂၈ ရက်က ပြောကြားသည်။

NLD မှ ပြင်ဆင်လိုသည့် အချက်များအပေါ် လွှတ်တော်တွင်း၌ မည်သည့်အတိုင်းအတာအထိ ပြင်ဆင်နိုင်ရန် မျှော်လင့်သလဲဟူသည့် မေးခွန်းအပေါ် "မိမိကိုယ်မိမိ ပြည်သူ့ကိုယ်စားလှယ်တွေပါ။ ဒီမိုကရေစီလိုချင်တဲ့ ပြည်သူတွေက မဲပေးထားတဲ့ ကိုယ်စားလှယ်တွေပါလို့ ခံယူထားတဲ့သူတွေက ဘယ်လောက် ဒီမိုကရေစီလိုချင်သလဲ။ ပြီးရင် ၈၈ မှာ ရဟန်းရှင်လူ ပြည်သူ ကျောင်းသားကျောင်းသူ အသက်ပေးသွားတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ ဘယ်လောက်တန်ဖိုးထားမလဲ။ ပြီးရင်ကိုယ်ကိုယ်နှိုက်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဘယ်လောက်မြတ်နိုးမလဲ။ အဲလိုလူတွေရဲ့ မဲပေးမှုပေါ်မှာပဲ အဖြေထွက်လာမှာပါ။ မှန်းလို့တော့မရဘူး" ဟု NLD ပြောရေးဆိုခွင့်ရှိသူနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဖြေကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးအပေါ် တစ်နိုင်ငံလုံးအနှံ့ ပြည်သူ့ဆန္ဒသဘောထား ကောက်ယူမှုနှင့်ပတ်သက်၍ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လိုက်လံဟောပြောမှုများပြုလုပ်ခဲ့ပြီး ပြည်သူအများစုက ပြင်ဆင်ရေးအတွက် အဆိုပြုခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီအနေဖြင့် ပြည်သူ့ဆန္ဒသဘောထားပေးပို့မှုများကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား လက်ခံသွားမည်ဖြစ်ပြီး လေ့လာသုံးသပ်တွေ့ရှိချက် အစီရင်ခံစာကို ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထားကာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသွားရမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List