Tuesday, June 02, 2020

အကြမ်းဖက်မှုများ အဆုံးသတ်ရေး စစ်တပ်ကို အသုံးပြုသွားမည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

နိုင်ငံတွင်း အဓိကရုဏ်းများနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားနေလျက်ရှိပြီး အကြမ်းဖက်မှုများ ဆက်လက်ရှိနေမည်ဆိုပါက စစ်တပ်ကို အသုံးပြုသွားမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုလိုက်သည်။
ကိုရိုနာဗိုင်းရပ်စ် ထပ်မံဖြစ်ပွားနေမှု ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရချိန်တွင် နိုင်ငံတွင်း အဓိကရုဏ်းများနှင့် လုယက်မှုများကို အဆုံးသတ်ရန် အုပ်ချုပ်ရေးမှူးများကို အစောပိုင်းက ညွှန်ကြားထားသည်။
ဝါရှင်တန်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သော ဆူပူမှုများသည် ရှက်ဖွယ်ဖြစ်သည်ဟု ၄င်းက ပြောကြားခဲ့သည်။
"မြို့တစ်မြို့ ဒါမှမဟုတ် ပြည်နယ်တစ်ခုက နေထိုင်သူတွေရဲ့ ဘဝနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေ မချဘူးဆိုရင် အမေရိကန်စစ်တပ်က အဲဒီပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းသွားမှာပါ" ဟု သူက ပြောကြားခဲ့သည်။
နယူးယောက်ရှိ စတိုးဆိုင်အမြောက်အများကို တနင်္လာနေ့ ညနေပိုင်းက လုယက်မှုများ ဖြစ်ပွားခဲ့ပြီး တနင်္လာနေ့တွင် ည ၁၁ နာရီမှ ၅ နာရီအထိ ညမထွက်ရအမိန့်အား ပြောင်းလဲပြီး ည ၈ နာရီတွင် စတင်သတ်မှတ်မည်ဟု မြို့တော်ဝန် ဘီလ်ဒီဘလဲစီယိုက ကြေညာခဲ့သည်။
မင်နီယာပိုလစ်တွင် လူဖြူရဲအရာရှိတစ်ဦးကြောင့် အသက် ၄၆ နှစ် အရွယ်လူမည်း ဂျော့ခ်ျဖလွိုက် သေဆုံးခဲ့ပြီးနောက်ပိုင်း နယူးယောက်၊ လော့စ်အိန်ဂျယ်လိစ်နှင့် အခြား အမေရိကန်မြို့ကြီးများတွင် ဆန္ဒပြ မီးရှို့ဖျက်ဆီးမှုများနှင့် လုယက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် နောက်တစ်ပတ်ကြာသည့်အထိ ညမထွက်ရအမိန့်ကို တိုးမြှင့်ထားသည်။
ဝါရှင်တန်တွင် ည ၇ နာရီနောက်ပိုင်း ညမထွက်ရအမိန့်ကို ချိုးဖောက်သည့်အတွက် ဆန္ဒပြသူ ပေါင်းတစ်ဒါဇင်ကျော် ဖမ်းဆီးခံခဲ့ရသည်။
ဆန္ဒပြသူများ၊ လူရမ်းကားများနှင့် အဓိကရုဏ်းများကြောင့် မြို့တော်ကြီး နှစ်ဆယ်ကျော်တွင် ၁၉၆၀ ပြည့်နှစ်နောက်ပိုင်း မတွေ့မြင့်ဖူးသည့် တင်းမာမှုအခြေအနေတွင် မျိုးစောင့်တပ်၏ စစ်သားများစွာကို နေရာချထားခဲ့ပြီး ဆန္ဒပြသူများကို လူစုခွဲရန် ရဲများက မျက်ရည်ယိုဗုံးနှင့် ရာဘာကျည်ဆန်များကို အသုံးပြုခဲ့သည်။
ဂျော့ခ်ျဖလွိုက်သေဆုံးမှုတွင် လူသတ်မှုဖြင့်တရားစွဲဆိုခံထားရသော ရဲအရာရှိအား ဇွန်လ ၈ ရက်နေ့တွင်တရားရုံးတင်ရန် စီစဉ်ထားသည်။
အမေရိကန်တွင် ဖြစ်ပွားနေသည့် ရဲတပ်ဖွဲ့များ၏ ဖြိုခွင်းမှုများကြောင့် မကြာသေးမီရက်များအတွင်း လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ဆန္ဒပြမှုများ ဗြိတိန်၊ ဂျာမနီ၊ အိုင်ယာလန်၊ နယ်သာလန်၊ ကနေဒါနှင့် နယူးဇီလန်တို့တွင် ဖြစ်ပွားခဲ့သည်။
AS
Ref; AFP

No comments:

Post a Comment

My Blog List