Wednesday, November 27, 2019

ဘားအံ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲအတွက် စစ်ဗိုလ်ချုပ် ၃ ဦးနှင့် ဓာတ်ပုံကို ပိုစတာအဖြစ် စတင်အသုံးပြု၊ နိုင်ငံတစ်ဝန်း ထောက်ခံပွဲများ တပြိုင်နက်တည်း ကျင်းပမည်


Image may contain: 4 people, people smiling, outdoor
ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် မြန်မာနိုင်ငံကို အမှုစတင်စစ်ဆေးမည့် ဒီဇင်ဘာလဆန်းပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲများ တစ်နိုင်ငံလုံး ကျင်းပသွားမည်ဖြစ်ပြီး ဘားအံမြို့တွင် ပြုလုပ်ရန်ရှိနေသည့် ဗီနိုင်းကြော်ငြာအတွက် စစ်ဗိုလ်ချုပ် ၃ ဦးနှင့် ဒေါ်အောင်ဆန်းစုြကည် ဓာတ်ပုံကို ထောက်ခံပွဲ ပိုစတာအဖြစ် စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မြို့တော်ခန်းမရှေ့တွင် လည်းကောင်း၊ မန္တလေးမြို့တွင်လည်း ထောက်ခံပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင်လည်းကောင်း၊ ကရင်ပြည် နယ် ဘားအံမြို့တွင် ထောက်ခံပွဲကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်လည်းကောင်း ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ် က စုံစမ်းသိရှိရသည်။
"အခုပွဲက ပါတီဘက်ကရော ပြည်သူတွေ ရော အကုန်ပေါင်းလုပ်တဲ့သဘောပဲ။ ဒါက အရေးကြီးလို့ပါ " ဟု ရန်ကုန်ပွဲ ပါဝင်မည့် ကားဝယ်ရောင်းအကျိုးဆောင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဘားအံမြို့တွင် ကျင်းပပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲအတွက် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းတို့ ၃ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် ရယ်မောနေသည့် ဓာတ်ပုံကို ထောက်ခံပွဲ ပိုစတာ အဖြစ် စတင်အသုံးပြုနေကြောင်း ဘားအံ ဒေသခံ တစ်ဦးထံမှ သိရှိရသည်။
"မနေ့ညနေ ၆ နာရီကျော်လောက်မှာ ဘားအံရုံးသုံးအဝိုင်းမှာ အဲဒီ တပ်ထားတာ" ဟု ဘားအံဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ကုလသမဂ္ဂတရားရုံးဖြစ်သည့် International Court of Justice ICJ က ရခိုင်မှ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့်လူ့အခွင့်အရေးချိုးဖောက်သည်ဟု အမှုတိုင်ကြားထားမှုနှင့်ပတ်သက်၍ လာမည့် ဒီဇင်ဘာလတွင် စတင်ကြားနာမည်ဖြစ်ပြီး တရားလို ဂမ်ဘီယာနိုင်ငံနှင့် စွပ်စွဲခံရသူ မြန်မာနိုင်ငံတို့ တက်ရောက်မည်ဖြစ်သည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဂမ်ဘီယာနိုင်ငံကိုလည်းကောင်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ မြန်မာနိုင်ငံကိုလည်းကောင်း၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲ အထိ ဂမ်ဘီယာနိုင်ငံကိုလည်းကောင်း၊ ညနေ ၄ နာရီခွဲမှ ၆ နာရီအထိ မြန်မာနိုင်ငံကိုလည်းကောင်း အသီးသီးကြားနာမည်ဖြစ်ကြောင်း ICJ က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်မှ လူနည်းစု မွတ်စလင်များအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်သည်ဆိုသော စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် အစ္စလမ်နိုင်ငံ ၅၇ နိုင်ငံကိုယ်စား ဂမ်ဘီယာနိုင်ငံက စတင်တရားစွဲဆိုထားခြင်းဖြစ်သည်။
အစ္စလမ်နိုင်ငံများ အဖွဲ့ဟု ခေါ်ဆိုသည့် OIC အဖွဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းရှိ၊ မရှိ ICJ တရားရုံးထံသို့ တိုင်ကြား တရားစွဲဆိုလိုက်ခြင်းဖြစ်ပြီး ယင်းစွဲဆိုမှုကြောင့် ICJ အဖွဲ့ဝင် နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ခံရမည်ဖြစ်သည်။
Photo Credit - Htain Lin
(ဓာတ်ပုံဆရာ ကိုထိန်လင်း၏ ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် အသုံးပြုရန် ခွင့်ပြုချက်ဖြင့် ဓာတ်ပုံကို ဖော်ပြ အသုံးပြုခြင်းဖြစ်ပါသည်)

No comments:

Post a Comment

My Blog List