Thursday, September 05, 2019

မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ဖြတ်သန်း သွားလာလျက်ရှိသည့် မော်တော်ယာဉ်များအား အကြမ်းဖက် သောင်းကျန်းသူများက အကြောင်းမဲ့ ထပ်မံပစ်ခတ် မီးရှို့ ဖျက်ဆီးခဲ့ကြ


Image may contain: mountain, sky, outdoor and nature

မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ဖြတ်သန်း သွားလာလျက်ရှိသည့် မော်တော်ယာဉ်များအား အကြမ်းဖက် သောင်းကျန်းသူများက အကြောင်းမဲ့ ထပ်မံပစ်ခတ် မီးရှို့ ဖျက်ဆီးခဲ့ကြ ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း AA၊ TNLA၊ MNDAA အကြမ်းဖက်သောင်းကျန်းသူများက မန္တလေး-လားရှိုး-သိန်းနီ-ကွတ်ခိုင်-မူဆယ် ပြည်ထောင်စုလမ်းမကြီးနှင့် သိန်းနီ-ကွမ်းလုံ-လောက်ကိုင် သွား လမ်းကြောင်းပေါ်ရှိ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ဖြတ်သန်းသွားလာလျက်ရှိသည့် ယာဉ်ကြီး၊ ယာဉ်ငယ်များအား အကြောင်းမဲ့ပစ်ခတ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများက စက်တင်ဘာ ၃ ရက် နံနက် ၈ နာရီခန့်တွင် ကွတ်ခိုင်မြို့နယ်၊ ဟိုနောင်ကျေးရွာ၏ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ ၁၂ ဘီးယာဉ် ၃ စီးအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး လမ်းပိတ်ဆို့ထားပြီး ဆက်ကြေးကောက်ခံသွားကြောင်း သိရှိရသဖြင့် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းက သွားရောက် ရှင်းလင်းခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အရှေ့တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
အဆိုပါ ဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက်သောင်းကျန်းသူ များသည် ည ၇ နာရီခန့်တွင် လည်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နမ့်ကွတ်ကျေးရွာ၏ မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာ၌ နမ့်ဖက်ကာဘက်မှ ကွတ်ခိုင်မြို့ဘက်သို့ ကုန်ပစ္စည်းများ တင်ဆောင်၍ မောင်းနှင်လာသည့် ၁၀ ဘီးယာဉ် ၄ စီး၊ ဟိုက်ဂျက်ယာဉ် ၁ စီး၊ အေဒီဗင် ၁ စီးနှင့် စူပါကာစတန် ၁ စီးတို့အားလည်း အကြောင်းမဲ့ ထပ်မံမီးရှို့ဖျက်ဆီး၍ လမ်းပိတ်ဆို့ ထားခဲ့ကြောင်း သိရှိရသည်။
ပြည်ထောင်စုလမ်းမကြီးများပေါ်၌ သြဂုတ်လ ၁၅ ရက်နေ့ဖြစ်စဉ် နောက်ပိုင်း အကြမ်းဖက် သောင်းကျန်းသူများက ဖြတ်သန်းသွားလာ လျက်ရှိသည့် မော်တော်ယာဉ်များအား အကြောင်းမဲ့ ပစ်ခတ်မီးရှို့ လမ်းပိတ်ဆို့မှုလုပ်ရပ်များအနေဖြင့် ယခုအကြိမ်အပါအ၀င် စုစုပေါင်း ၄ ကြိမ်ခန့်ရှိပြီး ပြည်သူလူထုပိုင် ကားအကြီး၊ အသေးမျိုးစုံ ၁၄ စီးခန့်နှင့် မော်တော်ဆိုင်ကယ် ၁ စီးတို့ ပျက်စီးဆုံးရှုံး ခဲ့ရသည်။
တပ်မတော်အနေဖြင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment

My Blog List