Monday, November 10, 2014

စစ်အေးခေတ်သစ် နှုတ်ခမ်းဝသို့ ကမ္ဘာကြီး ရောက်ရှိနေဟု ဆိုဗီယက် ခေါင်းဆောင်ဟောင်း ဂိုဘာချော့ သတိပေး


ယူကရိန်းအရေးနှင့် ပတ်သက်၍ အရှေ့နှင့် အနောက်ကြား တင်းမာမှု ပေါ်ပေါက်နေခြင်းသည် ကမ္ဘာကြီးကို စစ်အေးခေတ်သစ် ကာလတစ်ခု နှုတ်ခမ်းဝသို့ ရောက်ရှိအောင် တွန်းပို့လျက် ရှိသည်ဟု ဆိုဗီယက် ခေါင်းဆောင်ဟောင်း မီခေးဂိုဘာချော့က သတိပေး ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြ ထားသည်။

၁၉၈၉ ခုနှစ် နောက်ပိုင်းမှစ၍ အနောက်နိုင်ငံများသည် မိမိတို့ ကတိပြုခဲ့သည်များကို လက်တွေ့ အကောင် အထည်ဖော် လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ဆိုဗီယက် ခေါင်းဆောင်ဟောင်း ဂိုဘာချော့က ပြောကြား သည်။ “ကမ္ဘာကြီးက စစ်အေးခေတ် ကာလသစ်တစ်ခု နှုတ်ခမ်းပေါ် ရောက်နေပါပြီ။ အချို့ကဆို စတောင် စနေပြီလို့ ပြောပါတယ်” ဟု ဂိုဘာချော့က ပြောကြားသည်။

ထို့အပြင် အခြေအနေများ ဆိုးရွားနေသည့် ကာလတွင် အဓိက အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်း ဖြစ်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း အခိုင်အမာ အရေးယူလုပ်ဆောင်ခြင်း မရှိကြောင်း ၎င်းက မှတ် ချက်ပြုသည်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒေသများတွင် ရုရှားလိုလားသော ခွဲထွက်ရေးသူပုန် များက ဧပြီလမှ စ၍ လက်နက်ကိုင် ပုန်ကန်လျက် ရှိခြင်းကြောင့် လူပေါင်း ၄၀၀၀ ကျော် သေဆုံးခဲ့သည်။

အနောက်နိုင်ငံများနှင့် ယူကရိန်း အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကြောင့် ယင်းကဲ့သို့ ပဋိပက္ခ ဖြစ်ပွား ရခြင်း ဖြစ်သည်ဟု ရုရှားက ပြစ်တင်ထားသော်လည်း ရုရှားနိုင်ငံက စစ်သွေးကြွများကို လက်နက် တပ်ဆင်ပေးနေသည့် အထောက်အထားများရှိကြောင်း နေတိုးစစ်အုပ်စုက ထုတ်ပြန်ထားသည်။

“ကမ္ဘာ့ခေါင်းဆောင် ဖြစ်လာရမယ့်အစား ဥရောပဒေသက နိုင်ငံရေး မတည်ငြိမ်မှုတွေဖြစ်ရာ၊ စစ်ရေးပဋိ ပက္ခဖြစ်ရာ ဒေသဖြစ်လာပါတယ်” ဟု ဂိုဘာချော့က ပြောကြားသည်။

ထို့အပြင် ၁၉၉၁ ခုနစ် ဆိုဗီယက်ပြည်ထောင်စု ပြိုလဲပြီးသည့် နောက်တွင် ရုရှားနိုင်ငံ၏ အင်အားချည့်နဲ့မှုကို အနောက်နိုင်ငံများက အမြတ်ထုတ်ခဲ့ကြကြောင်း ၎င်းက မှတ်ချက်ပြုသည်။

နေတိုးစစ်အုပ်စု တိုးချဲ့ခြင်း၊ ယူဂိုစလားဗီးယား၊ အီရတ်၊ လစ်ဗျားနှင့် ဆီးရီးယားနိုင်ငံများအရေး၊ ဒုံးပျံ ကာကွယ်ရေးစနစ် စသည့် အချက်များက ရုရှားနိုင်ငံကို ထိခိုက်စေကြောင်း ဂိုဘာချော့က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List