Wednesday, October 22, 2014

မင်းဘူးတွင် မဂ္ဂါဝပ် ၂၂၀ ထွက်ရှိမည့် ဆိုလာလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ထိုင်း Green Earth Power ကုမ္ပဏီနှင့် MOEP တရားဝင် လက်မှတ်ရေးထိုး



မကွေးတိုင်းအတွင်းရှိ မင်းဘူးမြို့နယ်တွင် နေရောင်ခြည်သုံး ဆိုလာလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ထိုင်းနိုင်ငံအခြေစိုက် Green Earth Power ကုမ္ပဏီနှင့် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန MOEP တို့ တရားဝင်သဘောတူလက်မှတ် ရေးထိုးလိုက်ကြောင်း သိရသည်။

မင်းဘူးမြို့တွင် တည်ဆောက်မည့် အဆိုပါ ဆိုလာဓာတ်အားပေးစက်ရုံသည် ဓာတ်အားမဂ္ဂါဝပ် ၂၂ဝ ထွက် မည်ဖြစ်ပြီး ပမာဏအားဖြင့် ကြီးမားသည့်စက်ရုံကြီး ဖြစ်သည်။

စက်ရုံတည်ဆောက်ရန် တရားဝင်သဘောတူညီချက်ကို နေပြည်တော် Grand Amara Hotel တွင် အောက်တိုဘာ ၁၆ ရက်က လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။

GEP ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ဦးအောင်သီဟက မြန်မာနိုင်ငံသည် ပြန်ပြည့်မြဲစွမ်းအင်ဖွံ့ဖြိုးမှု လုပ်ငန်းများတွင် အဓိကလုပ်ဆောင်သူ ဖြစ်လာနိုင်ကြောင်း၊ မင်းဘူးတွင်တည်ဆောက်မည့် ဆိုလာ ဓာတ်အားပေး စက်ရုံသည် GEP ၏ မြန်မာအစိုးရအပေါ် ယုံကြည်မှုအတွက် သက်သေ တစ်ရပ်ဖြစ် ကြောင်းနှင့် မြန်မာနိုင်ငံရှိ ရေရှည်တည်တံ့သည့် စွမ်းအင်ရင်းမြစ် အများအပြားကို အသုံးပြုနိုင်ရန် ဦးဆုံးရရှိသည့် အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု The Nation သတင်းစာက ဖော်ပြခဲ့သည်။

“ဆိုလာစွမ်းအင်က မြန်မာနိုင်ငံရဲ့ လတ်တလောနဲ့ ရေရှည်စွမ်းအင် လိုအပ်ချက်တွေအတွက် အဖြေပါပဲ။ စက်ရုံကို တည်ဆောက်ရတာ မြန်ဆန်သလို ရုပ်ကြွင်းလောင်စာတွေနဲ့ သူတို့ရဲ့ဈေးနှုန်း အတက်အကျတွေ အပေါ်မှာ ကျွန်တော်တို့ မှီခိုစရာ မလိုတော့ပါဘူး။ ဓာတ်ငွေ့ရရှိမှုကို စောင့်ဆိုင်းနေစဉ်မှာနဲ့ လူထုက ကျောက်မီးသွေးဓာတ်အားပေး စက်ရုံတွေကို ဆန့်ကျင်နေတာတွေ ပြေလည်သည်အထိ လိုအပ်နေတဲ့ လျှပ်စစ်ပြတ်လပ်မှုကို ကျွန်တော်တို့က ပြန်ပြည့်မြဲစွမ်းအင်နဲ့ ဖြည့်ဆည်းပေးသွားနိုင်ပါတယ်” ဟု ၎င်းကပြောကြားသည်။

၎င်းတို့ကုမ္ပဏီ အနေနှင့် ယမန်နှစ်က ကနဦး သဘောတူလက်မှတ် ရေးထိုးပြီးစဉ် ကတည်းက အကြို လုပ်ဆောင်ရမည့်အလုပ်များ လုပ်ဆောင်ပြီးဖြစ်သလို တည်နေရာ လေ့လာမှုများလည်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ EPC နဲ့ ကန်ထရိုက်တွေနဲ့ နောက်ဆုံးဆွေးနွေးမှုတွေ လုပ်ဆောင်နေပါပြီ။ စီမံကိန်းကို မကြာခင်စတင်ဖို့ အသင့်ဖြစ်နေပါပြီ” ဟု ဦးအောင်သီဟက ဆက်လက်ပြောကြားသည်။

GEP နှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့သည် ယမန်နှစ်မေလက ကနဦးသဘောတူလက်မှတ် ရေးထိုးခဲ့ပြီး သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု လေ့လာဆန်းစစ်ချက်များ၊ စီမံကိန်း၏ စီးပွားဖြစ်တန်စွမ်း လေ့လာမှုများ ပြုလုပ်အပြီးတွင် နှစ်ဦးနှစ်ဖက် ကတိကဝတ်များ ခိုင်မာစေရန်နှင့် စီမံကိန်းဖော်ဆောင်မှု အတွက် တရားဝင်သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

မင်းဘူးဓာတ်အားပေးစက်ရုံကို မြေနေရာ ၃၄၄ ဟက်တာပေါ်တွင် တည်ဆောက် မည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် ပထမလေးလပတ်အတွင်း တည်ဆောက်မှုစတင် မည်ဖြစ်သည်။ 

တည်ဆောက်မှုပထမဆင့် အပြီးတွင် ၅ဝ မဂ္ဂါဝပ် ထုတ်လွှတ်ပေးနိုင်မည်ဟု သိရသည်။

စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ သန်း ၃၅ဝ ရှိပြီး နှစ် ၃ဝ လျှပ်စစ်ဝယ်ယူမှုသဘောတူညီချက်နှင့် ဆောက်လုပ်မည့် စီမံကိန်းဖြစ်သည်။ 


Eleven Media Group

No comments:

Post a Comment

My Blog List