Thursday, October 09, 2014

ပီအာရ်စနစ်ကိုကန့်ကွက်ကြောင်းနှင့် ပီအာရ်စနစ်လေ့လာရေးနှင့် အကောင် အထည်ဖော်ရေးကော်မရှင်နှစ်ရပ်အားဖျက်သိမ်းရေး ရွှေပြည်သာမြို့နယ်၌ အင်အား ၅၀၀ ကျော်ဆန္ဒထုတ်ဖော်မည်


စက်တင်ဘာ ၂၈ ရက်က ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်အား အလို မရှိကြောင်း မဲဆန္ဒရှင်ပြည်သူများ ဆန္ဒပြနေစဉ်အချိုးကျကိုယ်စားပြုပီအာရ်စနစ်အား ကန့်ကွက်ကြောင်းနှင့် လွှတ်တော်နှစ်ရပ် တွင်ဖွဲ့စည်းထားသည့် ပီအာရ်စနစ်လေ့လာရေးနှင့် အကောင်အထည်ဖော်ရေး ကော်မ ရှင်အားဖျက်သိမ်းရေး ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ အောက်တိုဘာ ၂၆ ရက်တွင် ပြည်သူ အင်အား ၅၀၀ ကျော်ဖြင့် တရားဝင်ဆန္ဒ ထုတ်ဖော်မည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှုတွင် ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုသူဇော်ကြည်ဝင်းက The Daily Eleven ကိုပြောကြားသည်။
    

ပီအာရ်စနစ်ကျင့်သုံးနေသည့်နိုင်ငံများတွင် လွှတ်တော်ထဲ၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် မရှိကြောင်း၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ပြောကြားထားသကဲ့သို့ ပီအာရ်ကျင့်သုံးနေသည့် နိုင်ငံများတွင် တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်၍ ဖြစ်ပေါ်လာခြင်းမရှိသည့်အတွက် ပီအာရ်ကျင့်သုံးရန် ဆက်လက်ဆောင်ရွက်ပါက တွေ့ဆုံဆွေးနွေးရေးများဖြစ်ပေါ် လာနိုင်ခြင်း မရှိနိုင်သဖြင့် လတ်တလောတွင် မြန်မာနိုင်ငံ၌ ပီအာရ်စနစ်အား ကျင့်သုံးရန် မသင့်သေးသဖြင့် ကန့်ကွက်ရန်ပြုလုပ်ရခြင်းဖြစ်ကြောင်း ကိုသူဇော်ကြည်ဝင်းက ပြောကြားသည်။
    
"ပီအာရ်ကိုစတင်တဲ့သူကလည်း သူတို့လူပဲဖြစ်တယ်။ အတည်ပြုတဲ့သူကလည်း သူတို့လူပဲဖြစ်တယ်။ပီအာရ် ကိုကျင့်သုံးဖို့အတွက် ကော်မတီဖွဲ့တာလည်း သူတို့လူပဲဖြစ်တယ်။ လွှတ်တော်ထဲမှာလည်း အာဏာရှင်ဆန်ဆန်လုပ်နေတာ ကိုလည်း ကျွန်တော်တို့မကျေနပ်ဘူးပေါ့။ ကျွန်တော်တို့ပြည်သူတွေကို ဒီပီအာရ်နဲ့ပတ်သက်ပြီးတော့ ဒီပီအာရ်ကိုအဆိုတင်သွင်းခွင့် ရှိ၏ မရှိ၏ပေါ့။ ကျွန်တော်တို့ပြည်သူတွေကို သဘောထားမှတ်ချက်မယူဘဲနဲ့တင်လိုက်တယ်။ သူတို့အတည်ပြုတယ်။ သူတို့ဘာသာသူတို့ ကော်မတီဖွဲ့ တယ်။ အဲဒါတွေ ကျွန်တော်တို့ ကျေလည်မှုမရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ပြည်သူတွေက ပထမခြေ လှမ်းအနေနဲ့ဆန္ဒပြတာပါ" ဟု ကိုသူဇော်ကြည်ဝင်းက ပြောကြားသည်။
    
ထို့ပြင် လွှတ်တော်တွင်းဖွဲ့စည်းထားသည့် ပီအာရ်စနစ်လေ့လာရေးကော်မရှင်နှင့် အကောင်အထည်ဖော် ရေးကော်မရှင်များဖွဲ့စည်းထားခြင်းသည် ပီအာရ်စနစ် ကျင့်သုံးရန်အတွက် သေချာသလောက်ဖြစ်နေသဖြင့် ကော်မရှင်များဖျက်သိမ်းရန် တောင်းဆိုခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
    
အဆိုပါဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်၍ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့ထံ အကြောင်းကြားစာပေးပို့ထားပြီး ရဲတပ်ဖွဲ့မှခွင့်ပြုကြောင်း နှုတ်ဖြင့်ပြောကြား မှုကိုရရှိထားပြီး စာဖြင့်ခွင့်ပြုချက်မရရှိသေးကြောင်း၊ ဆန္ဒပြပွဲ မတိုင်မီ ပီအာရ်စနစ်အကြောင်း အများပြည်သူသိရှိစေရန် ရွှေပြည်သာမြို့နယ်အတွင်းရှိ လူစည်ကားရာနေ ရာများတွင် ပီအာရ်စနစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများဝေငှရန် စီစဉ်ထားသော်လည်း စာဝေမှုနှင့် ပတ်သက်၍ အခက်အခဲအချို့ရှိနေကြောင်း သိရသည်။
    
ထို့အတူ ဆန္ဒပြပွဲမတိုင်မီ တစ်ပတ်ခန့်အလိုတွင် ရွှေပြည်သာမြို့နယ်အတွင်း လူသွားလူလာများသည့်နေရာ များတွင် ပီအာရ်နှင့်ပတ်သက်သည့် ဗီနိုင်းပိုစတာ များထောင်ရန် ဆန္ဒပြပွဲအကြောင်းကြာစာနှင့်အတူ     အကြောင်းကြားခဲ့သော် လည်း ပိုစတာထောင်ရန်ခွင့်ပြုချက်ကို မြို့နယ်စည်ပင်၌ရယူရန် ပြန်ကြားသဖြင့် ပိုစတာထောင်ရန်စီစဉ်မှုမှာလည်း အခက်အခဲရှိနေကြောင်း ကိုသူဇော်ကြည်ဝင်း က ဆိုသည်။
    
ယခုဆန္ဒပြပွဲပြုလုပ်မည့် ရွှေပြည်သာမြို့နယ်သည် ပြည်သူ့လွှတ်တော်မှဖွဲ့စည်း ထားသည့် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲ စနစ်ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး၏ မဲဆန္ဒနယ်ဖြစ်သည်။
    
အလားတူ ပီအာရ်စနစ်ကျင့်သုံးရန်အဆိုကို ပြည်သူ့လွှတ်တော်တွင်တင်သွင်းခဲ့ သည့် ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်အား အလိုမရှိကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ပူးပေါင်း၍ မြို့နယ်မဲဆန္ဒရှင် ပြည်သူဦးရေ ၄၀၀ ကျော်ခန့်သည် စက်တင်ဘာ ၂၈ ရက်က ပုဇွန်တောင်မြို့ နယ်တွင် လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။  

Eleven Media Group

No comments:

Post a Comment

My Blog List