Wednesday, October 01, 2014

ထုတ်လုပ်သည့် နိုင်ငံတံဆိပ် မပါသော နာရီများတင်သွင်းခဲ့သည့် ချယ်ရီဦးကုမ္ပဏီကို အကောက်ခွန်ဥပဒေဖြင့် အရေးယူမည်ဖြစ်ပြီး နာရီထုတ်ယူခွင့်ပြုခဲ့သည့် အကောက်ခွန်ဝန်ထမ်းကိုလည်း ခုံရုံးတင်စစ်ဆေးရန် စီစဉ်


ထုတ်လုပ်သည့် နိုင်ငံတံဆိပ်မပါသော နာရီများတင်သွင်းခဲ့သည့် ချယ်ရီဦးကုမ္ပဏီကို အကောက်ခွန် ဥပဒေ ဖြင့် အရေးယူရန် စီစဉ်နေကြောင်း တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team မှ သိရသည်။

ချယ်ရီဦးကုမ္ပဏီမှ မည်သည့်နိုင်ငံ ထုတ်လုပ်သည်ဟု မပါရှိသော နာရီအလုံးပေါင်း သုံးထောင်ကျော်အား နှစ်ကြိမ်ခွဲတင်သွင်းမှုကို တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပြီးနောက် အရေးယူရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ အကောက်ခွန်ဥပဒေဖြင့် အရေးယူရန် စီစဉ်ရာတွင် ပစ္စည်းသိမ်းယူခြင်း သို့မဟုတ် လူပုဂ္ဂိုလ်၊ ကုမ္ပဏီအား အရေးယူခြင်းကိုမူ အသေးစိတ်ဖြေကြားမှုကို Mobile Team မှ တာဝန်ရှိသူများအနေဖြင့် ပြုလုပ်ခြင်း မရှိသေးပေ။ ချယ်ရီဦးကုမ္ပဏီဖြစ်စဉ်အား တာဝန်ယူစစ်ဆေးနေသည့် Mobile Team မှ ဦးမြင့်ဦးက “ချယ်ရီဦးကို အကောက်ခွန်နဲ့ အရေးယူဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ အရေးယူတဲ့ အပိုင်းကိုတော့ တိတိကျကျပြောဖို့ မလွယ်သေးဘူး။ နောက်တစ်ခုက ချယ်ရီဦးနာရီတွေကို ထုတ်ပေးလိုက်တဲ့ အကောက် ခွန်က ၀န်ထမ်းတစ်ဦးကို စုံခုံဖွဲ့ စစ်ဆေးသွားမှာပါ” ဟု ပြောကြားသည်။

ချယ်ရီဦးကုမ္ပဏီအနေဖြင့် စက်တင်ဘာ ၃ ရက်က မြန်မာနိုင်ငံအတွင်းသို့ ပြည်ပလုပ်နာရီ ၉၃၇ လုံးကို တင်သွင်းခဲ့ပြီး တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့က စစ်ဆေးခဲ့ရာတွင် နာရီအလုံး ၈၀၀ မှာ ထုတ်လုပ်သည့်နိုင်ငံ မပါဝင်သည်ကို တွေ့ရှိခဲ့ရပြီးနောက် ကျန်စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေ ဆဲမှာပင် ယခု စုံခုံဖွဲ့စစ်ဆေးမှု ပြုလုပ်မည်ဆိုသော အကောက်ခွန်ဝန်ထမ်းက နာရီတစ်လုံး ဒေါ်လာ ၄၀ နှုန်းထားဖြင့် ထုတ်ယူခွင့်ပေးလိုက်ကြောင်း Mobile Team မှ သိရသည်။

၎င်းဖြစ်စဉ်ကို ပြည်ထဲရေးဝန်ကြီးဌာနက ပါဝင်စုံစမ်းမှုများ ပြုလုပ်ခဲ့ပြီး ထုတ်ယူခွင့်ပြုလိုက်သည့် ပစ္စည်း များကိုလည်း ပြန်လည်စိစစ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ ထုတ်ပြန်မှုပြုလုပ်ပြီး ၁၀ ရက်ခန့်အကြာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ချယ်ရီဦး မှ တင်သွင်းလာသည့် နာရီအလုံးပေါင်း ၂၀၀၀ ကျော်မှာ ပထမတစ်ကြိမ်ကဲ့သို့ပင် ထုတ်လုပ်သည့်နိုင်ငံမပါ သည့် နာရီများ ဖြစ်နေသည့်အတွက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပစ္စည်းများကိုလည်း သိမ်းယူမှု ပြုလုပ်ခဲ့ ကြောင်း သိရသည်။

Mobile Team ၏ သုံးသပ်ချက်များအရ ယခုဖြစ်စဉ်ကြောင့် သုံးစွဲသူများကို အခက်အခဲ ဖြစ်ပေါ်စေသည့် အပြင်၊ ယခုကဲ့သို့ ပြုလုပ်ခဲ့မှုကြောင့် အရေးယူမှုအပိုင်းကို ထိရောက်စွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ လာဘ်ပေးလာဘ်ယူမှု ရှိမရှိ မည်ကဲ့သို့ လုပ်ဆောင်မည်ဆိုသည်ကို မသိရှိ ရသေးကြောင်း သိရသည်။ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားသည့် ‘အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေ’ပါ ‘အခန်း ၁၀၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ’တွင် ပုဒ်မ ၆၃ ၌ ‘မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ် ကို ကျူးလွန်ရန် လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း ပြုလျှင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီလျှင်ဖြစ်စေ၊ ယင်းပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ကို ချမှတ် ခြင်းခံရမည်’ ဟု ဖော်ပြပါရှိသည်။

Eleven Media Group

No comments:

Post a Comment

My Blog List