Wednesday, August 13, 2014

အိန္ဒိယလုပ်ငန်းရှင်တစ်ဦး ပေါင်ငွေတစ်သိန်း သုံးသောင်းနီးပါး တန်ကြေးရှိ ရွှေအစစ်ကို အင်္ကျီချုပ်ဝတ်


အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်တစ်ဦးသည် ပေါင်ငွေ တစ်သိန်းသုံးသောင်းနီးပါး အသုံးပြုလျက် ရွှေဖြင့် အင်္ကျီချုပ် ဝတ်ခဲ့ကာ အဆိုပါ ရွှေအင်္ကျီနှင့် ဓာတ်ပုံများ သတင်းစာများတွင် ပါသွားပြီး သတင်းဆန်းတစ်ပုဒ် ဖြစ်လျက်ရှိကြောင်း telegraph သတင်းတစ်ပုဒ်က ဖော်ပြထားသည်။

ရွှေအင်္ကျီတွင် ပါဝင်သည့် ရွှေများမှာ ၁၈ ကာရက်မှ ၂၂ ကာရက်အထိ ရွှေများ ဖြစ်ကြပြီး ၎င်း၏ ၄၅ နှစ်ပြည့်မွေးနေ့တွင် ငွေကြေးမည်မျှ ချမ်းသာကြောင်း မော်ကြွားလိုသည့် ပုံစံဖြင့် ပြုလုပ်ဝတ်ဆင်ခဲ့ခြင်း ဖြစ်သည်။

ထိုရွှေရှပ်အင်္ကျီကို မွန်ဘိုင်းအခြေစိုက် အထည်အလိပ် ကုမ္ပဏီပိုင်ရှင်ကြီး တစ်ဦးဖြစ်သူ မစ္စတာ ပန်ကက်ဂ်ျပရာခ်က ပိုင်ဆိုင်ခြင်း ဖြစ်သည်။ ၄ ကီလိုဂရမ် အလေးချိန်ရှိပြီး ဝတ်ဆင်လိုက်သည့် အချိန်တွင်လည်း သက်တောင့်သက်သာ အနေအထားဖြင့် လှုပ်သာရွှေ့သာ ရှိကြောင်း The Times of India သတင်းစာက ရေးသားဖော်ပြထားသည်။

ယင်းရှပ်အင်္ကျီ ဖြစ်လာစေရန် အတွက် လူ ၂၀ ပါသော အဖွဲ့တစ်ဖွဲ့က နာရီပေါင်း ၃၂၀၀ ကျော်ကြာ ရက်လုပ်ခဲ့ကြရကာ တန်ကြေးအားဖြင့် တိတိကျကျ ဆိုရလျှင် ဗြိတိန်ပေါင်ငွေ တစ်သိန်းနှစ်သောင်း ခုနှစ်ထောင်ကျော် ကျသင့်သည်။

“ရွှေကို ကျွန်တော်က ငါးနှစ်သားလောက်ကတည်းက ကြိုက်ပါတယ်။ နှစ်တွေကြာလေလေ ကျွန်တော်က ကြိုက်လာလေလေပါပဲ” ဟု မစ္စတာပရာခ်က ဝန်ခံပြောကြားခဲ့ပြီး မင်္ဂလာဆောင်စဉ်ကလည်း သတို့သမီး ထက်ပင် ရွှေများပိုမို ဝတ်ဆင်ခဲ့သောကြောင့် လူရယ်စရာ ဖြစ်ခဲ့သေးကြောင်း ၎င်းကဆိုသည်။

၎င်း၏ ရွှေအင်္ကျီကို ပြုလုပ်ပေးသူများက ရာသက်ပန် အာမခံချက်ပေးထားပြီး ပျက်စီးခြင်း ပြုတ်ထွက်ခြင်း များရှိပါက ပြန်လည်ပြင်ဆင် ဆန်းသစ်နိုင်ကာ အခြောက်လျှော်ဖွပ်၍လည်း ရသည်။

မစ္စတာ ပန်ကက်ဂ်ျပရာခ်သည် လူမှုရေး၊ စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုများတွင်လည်း ထောက်ပံ့ပေး တတ်သူ တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ငါးနှစ်အတွင်းက မွန်ဘိုင်းဒေသရှိ ပိုလီယို တိုက်ဖျက်ရေးလုပ်ငန်း စဉ်ပေါင်း ၁၂၀ ကို ရန်ပုံငွေ ထောက်ပံ့ပေးခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List