Friday, June 27, 2014

ပြည်တွင်းကုန်သွယ်မှုများ၏ ရာခိုင်နှုန်း ၈၀ အထိရှိသော Asia World အပါ အ၀င် ဆိပ်ကမ်းများနှင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရားမ၀င်ကုန်ပစ္စည်း တင်သွင်းမှုများကို ဇူလိုင် ၂ ရက်မှ စတင် ဖမ်းဆီးမည်


ပြည်တွင်းကုန်သွယ်မှုများ၏ ရာခိုင်နှုန်း ၈၀ အထိရှိနေသည့် အေးရှားဝေါလ် အပါအ၀င် ဆိပ်ကမ်းများနှင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရားမ၀င်ကုန်ပစ္စည်း တင်သွင်းမှုများကို ဇူလိုင် ၂ ရက်တွင်စတင် စစ်ဆေးဖမ်းဆီးမည်ဖြစ်ကြောင်း တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ သတင်းရ ရှိသည်။

တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ပြည်တွင်း တရားမ၀င် ကုန်သွယ်မှုများ၏ ရာခိုင်နှုန်း ၂၀ အထိ ရှိနေသည့် နယ်စပ်ကုန်သွယ်မှုများအား ကြပ်မတ်ဖမ်းဆီးပြီးနောက် လက်ရှိ တစ်နှစ်ကျော်လာသည့် အချိန်တွင် ၁၇ ဘီလျံကျော်ဖိုးအထိ ဖမ်းဆီးရမိခဲ့သည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများဖြစ်သည့် ထီးတန်းဆိပ်ကမ်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၊ မြန်မာ့ စက်မှုဆိပ်ကမ်း၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်းများနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် Mobile Team ဖြင့် ဖမ်းဆီးမှုများ စတင်ပြုလုပ်မည်ဖြစ်ကြောင်း၊ ဇွန် ၂၇ ရက်တွင် သတင်းစာ ရှင်းလင်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏကို လျာထားချက်ထက် ကျော်လွန်ရရှိရေးအတွက် ဆိပ်ကမ်းများ၊ လေဆိပ်များမှ တရားမ၀င် ကုန်ပစ္စည်းတင်သွင်းမှုများကိုပါ စစ်ဆေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် က ပြောကြားသည်။

“ကုန်သွယ်မှုတွေ ဖြေလျှော့ပေးလိုက်တော့ စားသောက်ကုန်အတုတွေ သွင်းလာတယ်။ ကြက်ဥအတုတွေ၊ ပုစွန်အတုတွေ တစ်ဖက်နိုင်ငံတွေရဲ့ စွန့်ပစ်မြောင်းဆီတွေ တင်သွင်းလာကြတယ်။ ပြည်သူလူထုက အရမ်းသနားဖို့ကောင်းတယ်” ဟု ဦးဝင်းမြင့်က ပြောကြားသည်။

တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ ပြောကြားထားချက်အရ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများကို ၀င်ရောက်စစ်ဆေးမည် ဆိုခြင်းမှာ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများဆိုက်ရာ သင်္ဘောများတွင် စားသုံးသူ၊ သုံးစွဲသူများကို ထိခိုက်စေသော ကိစ္စရပ်များကို ကာကွယ်နိုင်ရန်နှင့် နိုင်ငံတော် မှ ရသင့်ရထိုက်သော အခွန်အရပ်ရပ် ကောက်ခံရရှိစေရန် Mobile Team များမှ ၀င်ရောက်စစ်ဆေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်ဆိပ်ကမ်းနယ်မြေရှိ ကမ်းရိုးတန်းဆိုင်ရာ ဆိပ်ကမ်းများနှင့် ရန်ကုန်မြစ်ကြောင်း တစ်လျှောက်ရှိ ဆိပ်ကမ်းနယ်မြေများဖြစ်သော ယုဇန၊ သာကေတ၊ ကျန်းမာရေး၊ ၀ါးတန်း၊ ချောင်းဝ၊ ဗားကရာ၊ ဘုရင့်နောင်ဆိပ်ကမ်းများတွင် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့မှ စစ်ဆေးနေ ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List