Friday, May 09, 2014

ရုရှားကို စီးပွားရေး ထပ်မံပိတ်ဆို့ရေး အမေရိကန် လွှတ်တော်အမတ်များ သဘောထားကွဲ


ယူကရိန်း နိုင်ငံရေးတွင် ဝင်ရောက် စွက်ဖက်မှုနှင့် ပတ်သက်ပြီး ရုရှားကို စီးပွားရေး ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်ရေးနှင့် ပတ်သက်ပြီး အမေရိကန် အထက်လွှတ်တော် အမတ်များကြား သဘောထားကွဲလျက် ရှိသည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

သမ္မတ ဘားရက်ခ်အိုဘားမားအနေနှင့် လာမည့် ယူကရိန်း ရွေးကောက်ပွဲအထိ မစောင့်ဘဲ ရုရှားနိုင်ငံ အပေါ် စီးပွားရေးပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်သင့်သည်ဟု ရီပတ်ဗလစ်ကန် အမတ်များက ပြောကြား ခဲ့သည်။

သမ္မတအိုဘားမား၏ အစိုးရအဖွဲ့ကမူ ယူကရိန်းနိုင်ငံ၊ ခရိုင်းမီးယားဒေသကို စစ်ရေးအရ ကျူးကျော်ခဲ့သည့် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်ရန်အတွက် ပြင်ဆင်နေဆဲ ဖြစ်ပြီး မေလ ၂၅ ရက်နေ့ တွင် ယူကရိန်းနိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပသည့်အချိန်ထိ ပိတ်ဆို့မှုများ ထပ်မံချမှတ် ဖြစ်ဦးမည် မဟုတ်ဟု ပြောကြားထားသည်။

“အခုမလုပ်ဘဲ ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်ထိ စောင့်နေမယ်ဆိုရင် အရမ်းနောက်ကျ သွားမှာကို ကျွန်မစိုးရိမ်မိပါတယ်” ဟု ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ် ကယ်လီအေရို့က ပြောကြားသည်။

“ရုရှားက လက်နက်ထောက်ပံ့ ပေးထားတဲ့ သူပုန်တွေကို ရင်ဆိုင်နိုင်ဖို့အတွက် ယူကရိန်းတပ်တွေကို စစ်လက်နက် ထောက်ပံ့ဖို့ ဝါရှင်တန်က ငြင်းဆန်ခဲ့တာ အပါအဝင် ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ထိရောက်မှု မရှိတဲ့ တုံ့ပြန်ပုံတွေနဲ့ ပတ်သက်ပြီး ခုချိန်ထိ ကျွန်မစိတ်တိုင်း မကျသေးပါဘူး” ဟုလည်း သူမက ပြောကြားခဲ့သည်။

ထို့အတူ အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ်ကလည်း ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ မြို့အများ အပြားနှင့် အဆောက်အအုံ အများအပြားကို ရုရှားလိုလာသူများက သိမ်းပိုက်ထားသဖြင့် ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ရွေးကောက်ပွဲများမှာ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် လွယ်ကူမည် မဟုတ်ဟု သုံးသပ်ပြောကြားခဲ့သည်။

သို့သော် ဒီမိုကရက် အမတ်တစ်ဦး ဖြစ်သည့် ခရစ္စမာဖီကမူ “ရုရှားလိုလား သူတွေက အဆောက်အအုံ အများအပြားကို သိမ်းပိုက်ထားတယ် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အိုဒက်ဆာနဲ့ အခြား ယူကရိန်း အရှေ့ပိုင်း မြို့တွေမှာတောင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခွင့်အရေး ကတော့ ရှိနေတုန်းပါပဲ” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ရုရှားနှင့် စီးပွားရေး ဆက်ဆံမှု ပိုမိုများပြားသော ဥရောပနှင့် မပူးပေါင်းဘဲ ယူကရိန်း ရွေးကောက် ပွဲမတိုင်မီ တစ်နိုင်ငံတည်း တစ်ဖက်သတ် စီးပွားရေးပိတ်ဆို့ခြင်းဖြင့် အမေရိကန် ပြည်ထောင်စု၏ လုံခြုံရေး ဆိုင်ရာ လုပ်ပိုင်ခွင့်ကိုပင် ထိခိုက်နိုင်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဥရောပ လုံခြုံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (OSCE) မှ ရွေးကောက်ပွဲ လေ့လာသူ ၁၀၀ ကျော်ခန့် ယူကရိန်းနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ရွေးကောက်ပွဲ ကာလအတွင်း အပစ် အခတ် ရပ်စဲထားရန်လည်း တောင်းဆိုထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List