နိုင်ငံတစ်ခုရဲ့ ငွေကြေးတန်ဖိုး ဆိုတာဟာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေးနဲ့
စီးပွားရေး အခြေအနေတွေကို အခြေခံ ခြုံငုံပြီးမှ ဈေးကွက် အလိုကျ ဖြစ်ပေါ်
လာတာပါ။ ပြည်တွင်းဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်
အခြေအနေတွေ ... ပြည်တွင်း နိုင်ငံရေးနဲ့ နိုင်ငံတကာရဲ့ အပြောင်းအလဲ
တွေကြောင့် ဖြစ်ပေါ် လာတဲ့ ဈေးကွက်ရဲ့အပြောင်းအလဲတွေကို ကြည့်ပြီး
ဗဟိုဘဏ်နဲ့ သက်ဆိုင်ရာ အစိုးရဌာန တွေဟာ Monetary Policy
(ငွေကြေးဆိုင်ရာမူဝါဒ)တွေကို သင့်တော် သလို ချမှတ် လုပ်ကိုင် ကြရပါတယ်။ ငွေကြေးဆိုင်ရာ မူဝါဒမှာဆိုရင် Contractionary Monetary Policy
(ငွေကျုံ့စေတဲ့ မူဝါဒ)နှင့် Expensionary Monetary Policy (ငွေပေါများစေတဲ့
မူဝါဒ) ဆိုပြီး Policy နှစ်ရပ် ရှိပါတယ်။ တိုင်းပြည်ရဲ့ဝင်ငွေ GDP
တိုးအောင် လုပ်တော့မယ်။ စီးပွားရေးကို အရှိန်အဟုန်နဲ့ မြှင့်တော့မယ် ဆိုရင်
ငွေပေါများအောင် လုပ်ဖို့ ငွေပေါများစေတဲ့ မူဝါဒကို သုံးပေးကြပါတယ်။
ဒါ့ကြောင့် ဒီပေါ်လစီကို သုံးရင် တဖြည်းဖြည်းနဲ့ ပြည်သူတွေ လက်ထဲမှာ
ငွေပေါများပြီး ငွေတန်ဖိုး အလိုလို ကျလာစေပါတယ်။ ငွေဖောင်းပွမှုကို
ကာကွယ်တော့မယ်၊ တန်ဖိုး ထိုးကျနေတဲ့ ငွေတန်ဖိုးကို ပြန်မြှင့်တော့မယ်
ဆိုရင် ငွေကျုံ့စေတဲ့ မူဝါဒကို သုံးပေးကြလေ့ ရှိပါတယ်။
ငွေပေါအောင် သို့မဟုတ် ငွေတန်ဖိုး ကျအောင် လုပ်ပြီဆိုရင် . . . လူတစ်စုစာ အတွက်သာ မဟုတ်တဲ့ သာမန် ပြည်သူအားလုံး (စီးပွားရေး လုပ်တတ်ကိုင်တတ် ရှိသူများ) အတွက် ရည်ရွယ်ပြီး စီးပွားရေး လုပ်ငန်း ကိုင်ငန်း နှင့် အခွင့်အရေးတွေ ဖန်တီးပေးရပါမယ်။ အဲဒီအခါမှာ သာမန် ပြည်သူတွေက စိန်၊ ရွှေ၊ အိမ်၊ ခြံ၊ မြေ၊ ကား၊ ဒေါ်လာ အစရှိသဖြင့် ရင်းနှီး သိမ်းဆည်းထားတဲ့ အရာတွေကို ရင်းနှီးငွေအဖြစ် ပြောင်းလဲ ထုတ်သုံးလာကြပါမယ်။ ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်တွေပေါ်မှာ စည်းမျဉ်းတွေ၊ ကန့်သတ်မှုတွေ ဖြေလျှော့ ပေးတာမျိုး၊ လုပ်ပိုင်ခွင့်တွေ ပိုပေးလာတာ၊ အတိုးနှုန်းတွေ လျှော့ချ ပေးတာမျိုးတွေ၊ လိုချင်တဲ့ ငွေပမာဏကို လွယ်လင့်တကူ ထုတ်ချေးခွင့် ပေးတာတွေနှင့် အပေါင် ပစ္စည်းပေါ်ကို တန်ဖိုးမနှိမ်ဘဲ ငွေထုတ်ချေးပေးတာတွေ စသဖြင့်ကို လုပ်ဆောင်လေ့ ရှိပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လက်ထဲမှာလည်း ဘဏ်ချေးငွေနှင့် ကိုယ်ပိုင်ငွေ နှစ်ရပ် ပေါင်းပြီး လုပ်ငန်းတွေတိုးချဲ့ လုပ်ကိုင် လာနိုင်ပါမယ်။ ဒီအခါမှာ အလုပ်အကိုင်တွေ ပေါများလာပြီး လုပ်သားတွေပိုမို ခေါ်ယူကြရပါမယ်။ ဒါကြောင့် အလုပ် လက်မဲ့နှုန်းတွေ လျော့ကျသွားမယ်။ ဝယ်ယူ သုံးစွဲနိုင်မှုတွေ တက်လာမယ်။ ငွေတွေပိုလျှံတော့ ပစ္စည်းတွေ ဝယ်ယူ စုဆောင်းတာတွေ၊ ရင်းနှီး မြှုပ်နှံမှုတွေ များလာမယ်။ ငွေဖော်ရလွယ်တဲ့ ပစ္စည်းတွေကိုလည်း ဝယ်ယူရင်းနှီး မြှုပ်နှံကြမယ်။ ဒီတော့ နိုင်ငံအတွင်းမှာ အရောင်းအဝယ်တွေ ကောင်းပြီး အမြတ်အစွန်းတွေ တက်လာပါမယ်။ ငွေကြေး လှည့်ပတ်စီးဆင်းမှု (Velocity of Money) တွေ အားကောင်းပြီး ပတ်ရေများများ လည်နိုင်လာမယ်။
ဒီလိုမျိုးသာ ဈေးကွက်ထဲမှာ ငွေတွေ အများကြီး ဖြစ်လာရင် ငွေတန်ဖိုးဟာ တဖြည်းဖြည်းခြင်း တအိအိနဲ့ ကျဆင်းလာမှာ ဖြစ်ပါတယ်။ အခုလို လူတစ်စုရဲ့ ကိုယ်ကျိုး စီးပွားတွေကို ရှေ့တန်းတင်ပြီး လိုချင်တဲ့ တားကက်ကို ထိအောင် ဇွတ်အတင်းလုပ်လို့ ငွေတန်ဖိုးကျအောင် လုပ်သလို ဖြစ်နေတာ ဟာ မသင့်တော်ပါဘူး။ ပညာနဲ့ မလုပ်ဘဲ တစ်ပွဲတိုး ပုံသေနည်း ဆန်ဆန်တွေကို အသုံးပြုမယ် ဆိုရင်တော့ ဒီပန်းတိုင်ဟာ ကြာကြာ မခံပါဘူး။ ဒီလိုလုပ် နည်းမျိုးတွေကို ရေနံ သူဌေးတွေနှင့် ဘဏ်သူဌေးတွေ ပေါင်းပြီး ဒေါ်လာ ဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံ၊ ကမ္ဘာ့ ရွှေဈေးကွက်တွေ၊ ရေနံဈေးကွက်တွေ၊ ဒေါ်လာဈေးကွက်တွေကို အမှန်အကန် ဝယ်လိုအား မရှိဘဲနဲ့ ဝယ်လိုအား အတုတွေလုပ်ပြီး ရုတ်တရက် တက်အောက်လုပ်၊ ကမောက်ကမတွေ ဖြစ်ချိန်မှာ အမြတ်ငွေတွေ အများကြီး သဲ့ယူသွားကြတဲ့ ဇာတ်လမ်းတွေ ရှိပါတယ်။ ဒါဟာလည်း လုပ်တိုင်း မအောင်မြင်ပါဘူး။ အချီကြီး ရှုံးပြီး ဘဝ ပျက်ကြရတဲ့ အခါတွေလည်း ရှိပါတယ်။ ဒီတော့ ငွေပမာဏ ဘယ်လောက်သုံးပြီး ဘယ်လောက် ကြာကြာ မြန်မာငွေ တန်ဖိုးကို ချထားနိုင်မလဲ ဆိုတာလေး မေးချင်ပါတယ်။ ပြည်သူတွေ စီးပွားရေးလည်း မကောင်း၊ ငွေလည်းပေါပေါ မရှိတဲ့အချိန်မှာ မြန်မာငွေ တန်ဖိုး ချခံလိုက်ရတာ ဟာ နိုင်ငံတော်အတွက် အကောင်းလား အဆိုးလား သေချာပြန်စဉ်းစား စေချင်ပါတယ်။ ယခု ငွေတန်ဖိုးကျအောင် လုပ်တာတွေက ယခင်တုန်းက ကုန်ဈေးနှုန်း ကျအောင်လုပ်ခဲ့တဲ့ စီမံချက်တွေနဲ့ လုပ်ဆောင်ပုံတွေကို ပြန်ပြောင်း အောက်မေ့ပြီး သတိရစေပါတယ်။ အဲ့ဒီတုန်းက စီမံချက်တွေ တကယ်အောင်မြင်ပြီး ကုန်ဈေးနှုန်း တကယ်ကျခဲ့ပါသလား။
မြန်မာနိုင်ငံဟာ ငွေဖောင်းပွပြီး ငွေတန်ဖိုး အလွန်အမင်း ကျဆင်းခဲ့တဲ့ ကာလကြီးကို ကျော်လွန်နိုင်ခဲ့တာ တစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ မြန်မာငွေ ဖောင်းပွစဉ်တုန်းက ငွေဖောင်းပွဲမှုကြောင့် ကုန်ဈေးနှုန်း မတန်တဆကြီးတဲ့ အခြေအနေကို ဒီတိုင်းပဲ ခါးစည်းပြီး ငုံ့ခံနေခဲ့ရတဲ့ ပြည်သူအများစုရဲ့ ငိုညည်းသံက သဲ့သဲ့လေးပါ။ ကုန်ဈေးနှုန်းကြီးလို့ လစာတိုးတယ် ဆိုတော့လည်း သွင်းကုန် ထုတ်ကုန် လုပ်ငန်းရှင်တွေ အကြိုက်ကို ဖြစ်လို့။ လစာက လက်ထဲ မရောက်သေးဘူး။ ဈေးတွေက ဆက်တိုက် တက်ဆိုတော့လေ။ ငွေဈေးရော၊ ပစ္စည်းဈေးတွေရော ကစားလို့ သိပ်ကောင်းတာပေါ့။ အဲဒီအခြေအနေမှာပဲ မြန်မာငွေဟာ ပြန်ပြီး နာလန်ထူလာရာကနေ ဆက်တိုက် တက်လာခဲ့ပါတယ်။ ပုဂ္ဂလိက ဘဏ်အသစ်တွေ ထပ်မံ ဖွင့်ခွင့်ပြုခဲ့တာကလည်း မြန်မာငွေတန်ဖိုး တက်စေတဲ့ အချက်တွေထဲက တစ်ခုပါပဲ။ ဘဏ်လုပ်ငန်းရှင်တွေဟာ လိုအပ်တဲ့ ရင်းနှီး မြှုပ်နှံငွေပမာဏကို မြန်မာငွေနဲ့ မတည် ရင်းနှီးရပါတယ်။ ဒါကြောင့် သူတို့ရဲ့ပိုင်ဆိုင်မှု (အိမ်၊ ခြံ၊ မြေ၊ ရွှေ၊ ကား၊ ဒေါ်လာ) စတာတွေကို မြန်မာငွေနဲ့ လဲလှယ်ရတာကြောင့်လည်း ငွေတန်ဖိုးတက်မှုကို အနည်းနဲ့အများ သက်ရောက်စေပါတယ်။ နောက်တစ်ချက်က ငါးသိန်းတန် ဖုန်းတွေနှင့် လေလံကားတွေကို အများအပြား ရောင်းချပြီး
ပြည်သူလက်ထဲကငွေတွေကို ပြန်လည် သိမ်းဆည်း သကဲ့သို့ ဖြစ်စေခြင်းတွေကလည်း အကြောင်းအချက် တစ်ခုဖြစ်ပါတယ်။
မြန်မာ့ သဘာဝဓာတ်ငွေ့တင်ပို့ ရောင်းချနိုင်မှုကလည်း ကမ္ဘာ့ အဆင့် ၂၀ ကျော်ကို ရောက်ရှိလာခဲ့ ပါတယ်။ အင်တာနက် Resource နှစ်ခုမှာ တစ်ခုက အဆင့် ၂၃ လို့ ဖော်ပြပြီး နောက်တစ်ခုက အဆင့် ၂၈ လို့ ဖော်ပြထားပါတယ်။ ဒါဟာ ၂၀၁၀ ပြည့်နှစ်က တင်ပို့ ရောင်းချနိုင်ခဲ့တဲ့ အချက်အလက်တွေပါ။ ပြီးတော့ ကျောက်မျက် ရောင်းတဲ့ ဝင်ငွေ ဒေါ်လာဘီလီယံပေါင်းများစွာက လည်း မြန်မာငွေ တန်ဖိုးတက်မှုမှာ အထောက်အကူ ဖြစ်စေပါတယ်။ ဒေသတွင်း နိုင်ငံတွေထဲမှာ မြန်မာ့ ဘဏ်တိုးနှုန်း မြင့်မားနေမှုကလည်း ငွေတန်ဖိုး တက်စေတဲ့ အချက်တစ်ခုအဖြစ် ပါဝင် နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံ ဒေသတွင်း ဘဏ်တွေဟာ စီးပွားရေးသမားတွေကို အရင်းအနှီးတွေ ထုတ်ပေးပြီး မြေတောင် မြှောက်ပေးကြပါတယ်။ အမြင့်ဆုံး ဘဏ်တိုးနှုန်းဟာ ၃ ရာခိုင်နှုန်းပါပဲ။ ဒီတော့ မလေးရှားနဲ့ စင်ကာပူလို နိုင်ငံမျိုးမှာ ကုမ္ပဏီခွဲ ဖွင့်ထားတဲ့ လုပ်ငန်းရှင်တွေဟာ သက်ဆိုင်ရာ နိုင်ငံဘဏ်တွေကနေပြီး ငွေတွေ ချေးယူတယ်။ မြန်မာနိုင်ငံက ဘဏ်တွေမှာ ပြန်အပ်တယ်။ အဲဒီ နည်းနဲ့လည်း အမြတ်ငွေတွေကို အလုံးအရင်းနဲ့ ထိုင်ယူ နေကြတာကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ Government တစ်ခုကနေ Government အသစ် တစ်ခုဆီကို ကူးပြောင်းပြီး ဒီမိုကရေစီ စနစ်သစ်နဲ့ အုပ်ချုပ်မှု ပုံစံသစ်ဆီကို ညင်သာစွာ ကူးပြောင်း နိုင်ခဲ့မှုကလည်း ငွေတန်ဖိုး တက်စေတဲ့ အကြောင်းအချက် ဖက်တာတွေထဲမှာ တစ်ခုအဖြစ် ပါဝင်နေပါတယ်။
ဒီလိုလဲ ငွေတန်ဖိုး ပြန်တက်လာတဲ့ အောင်မြင်မှုတွေနဲ့ အမေရိကန် ဒေါ်လာရဲ့ တန်ဖိုးကျမှုနှစ်ခု ဆုံသွားတဲ့အခါမှာ
မြန်မာငွေတန်ဖိုးဟာ တော်တော်လေး အတက် ကြမ်းသွားခဲ့ပါတယ်။ အံ့သြစရာ တစ်ခုက ဒီလိုအခြေအနေမှာ သွင်းကုန် လုပ်ငန်းရှင်ကြီးတွေက ပစ္စည်းဈေးတွေ ချမပေးခြင်းနဲ့ မြန်မာ ငွေတန်ဖိုး ပြန်အကျကို
မျှော်နေကြပါတယ်။ မြန်မာငွေတန်ဖိုး တက်လာတော့ မကိုက်လို့ဆိုတဲ့ Exporter လူနည်းစုတွေရဲ့ ကျယ်လောင်တဲ့ အော်သံကြီးကလည်း အကျယ်ကြီး ထွက်လာပါတယ်။ ဒါမျိုးကို ကျတော့ အချိန်မဆွဲဘဲ ချက်ချင်း အရေးပေါ် ဖြေရှင်းပေးမှ ဖြစ်တဲ့ အခြေအနေတွေ ဖြစ်ကုန်ပါတယ်။ြ
မန်မာနိုင်ငံဟာ သွင်းကုန် ပစ္စည်းအမည်ပေါင်းများစွာ (အတွင်းခံ အဝတ် အထည်ကစပြီး ခေတ်အမီဆုံး နည်းပညာသုံး ပစ္စည်းတွေအထိ) ကိုဝယ်ယူ တင်သွင်းနေရပါတယ်။ Export ကုန်စည်ဆိုတာ လက်ချိုးရေလို့ ရပါတယ်။ အဲဒီ ကုန်စည်တွေကလည်း လယ်ယာ၊ သား၊ ငါး၊ သစ်တောထွက် ပစ္စည်း ထွက်ကုန်လေးတွေပါ။ ဒီကုန်စည်တွေဟာ အများကြီး ပေးရပြီး
ပြန်ရတဲ့ငွေက နည်းပါတယ်။
ဥပမာ-ဆန်တစ်တန်ကို ရောင်းရတဲ့ ငွေပမာဏနဲ့ iPad တစ်ခု iPhone တစ်ခုတို့ အတွက် ပေးဝယ်ရတဲ့ ငွေ ပမာဏတွေကို နှိုင်းယှဉ် ကြည့်ရင် သိနိုင်ပါတယ်။ မြန်မာငွေတန်ဖိုး ရေရှည် ခိုင်မာလာရင် Import ပစ္စည်းတွေရဲ့ဈေးတွေ တောင့်ခံ မထားနိုင်တော့ဘဲ ကျပြီး လစာမတိုးတောင် ရရှိနေတဲ့ လုပ်ခ၊ လစာတွေနဲ့ ပိုမို ဝယ်ယူ သုံးစွဲနိုင်စွမ်းတွေ ရှိလာမှာပါ။
မြန်မာငွေတန်ဖိုး တက်တာလည်းမကြိုက်၊ လစာတွေကျ ဇွတ် တိုးပေးစေချင် ဆိုတာဟာ တည်ငြိမ်နေတဲ့ ဈေးကွက်ကို လှုပ်ခတ်ပြီး ဈေးကစားလို့
ကောင်းအောင် လုပ်သလို ဖြစ်နေပြီး ပြည်သူကို ထိရောက်တဲ့ ကူညီမှု မဖြစ်စေပါဘူး။ Exporter & Importer ကြီးတွေ အကြိုက်ပဲ
ဖြစ်လာမှာပါ။ မြန်မာငွေဟာ ထိုက်သင့်တဲ့ တန်ဖိုးလေးတစ်ခု ရှိနေတာကောင်းလား၊ ဈေးပေါနေတာ ကောင်းလားဆိုတာကို သိချင်ရင် မြန်မာနိုင်ငံရဲ့ တစ်နှစ်တာအတွင်း Export နဲ့ Import ကြားက ခြားနားချက်နှင့် တိုင်းပြည်ဝင်ငွေ Deficit (လိုငွေပြမှု) ဘယ်လောက်လဲဆိုတဲ့ စာရင်း အမှန်တွေကို ကြည့်လိုက်တာနဲ့ ထင်ရှားစွာ သိမြင်နိုင်ပါတယ်။ အဲဒီစာရင်း အမှန်တွေကို အာဆီယံ စတာတစ်စတစ် ကယ်ရီးယားဘွတ်နဲ့ တခြားသော နိုင်ငံရပ်ခြားမှ စာရင်းအင်းဌာန နဲ့ ပညာရှင်တွေ တင်ပြ တွက်ချက်ပေးထားတဲ့ နိုင်ငံအလိုက် စီးပွားရေး ဆိုင်ရာ သတင်း အချက်အလက်တွေကို Online ပေါ်ကနေ အလွယ်တကူ ရယူကြည့် ရှုနိုင်ပါတယ်။ မြန်မာနိုင်ငံက Export လုပ်ငန်းရှင် လက်တစ်ဆုပ် စာနဲ့ Export ကုန်စည်တွေဟာ တိုင်းပြည် ဝင်ငွေကို Surplus (ပိုလျှံငွေ) ပြအောင် လုပ်ပေးနိုင်စွမ်း ဘယ်တုန်းကမှ မရှိခဲ့ဘူးဆိုတာ တွေ့ရပါလိမ့်မယ်။
ဈေးကွက် စီးပွားရေးစနစ်ကို အပီအပြင် ပြောင်းလဲရတော့မယ့် မြန်မာနိုင်ငံဟာ မကြာမီမှာ နိုင်ငံတကာနဲ့ ကူးလူး ဆက်ဆံမှုတွေ သိပ်များပြား လာတော့မှာပါ။ ထင်မှတ် မျှော်လင့်ထားတဲ့ ပြောင်းလဲမှုတွေရော၊ မထင်မှတ် မမျှော်လင့်တဲ့ ပြောင်းလဲမှုတွေ များစွာကိုရော ကြုံတွေ့ရတော့မှာပါ။ အခု မြန်မာငွေတန်ဖိုးကို အတင်းဆွဲချတယ်။ မကြာတော့တဲ့ ကာလမှာ နိုင်ငံတော်က အတင်း ဖိတ်ခေါ်တာကြောင့်ရော လာချင်ရက်လက်တို့ ဖြစ်နေကြတဲ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဆိုတာတွေ ဝင်ရောက်လာရင်လည်း မြန်မာငွေတန်ဖိုးက ထပ်တက်ဦးမှာပါ။ သူတို့ ယူဆောင် သုံးစွဲလာမယ့် သန်းပေါင်းများစွာသော ဒေါ်လာတွေကို မြန်မာငွေနဲ့ လဲလှယ် ဝယ်ယူတဲ့ ဒဏ်ကို အန်တုပြီး ငွေဈေးကစားချင်တိုင်း ကစားလို့ရမယ် ထင်နေပါသလား။ မတည်ငြိမ်တဲ့ ငွေကြေးဈေးကွက်၊ ဈေးကွက်အလိုကျ မဟုတ်သော အုပ်ချုပ်သ လူတစ်စုအကြိုက် ပုံဖော်နေတဲ့ ဈေးကွက်ထဲကိုရော ဒီနိုင်ငံခြား ရင်းနှီး မြှုပ်နှံသူတွေက လာချင်ကြပါ့မလား။
မင်းကြီး အနော်ရထာဟာ ပုဂံဆိုတဲ့ မြို့လေးကို အင်ပါယာကြီးတစ်ခု
ဖြစ်အောင် တည်ထောင်ဖို့ ကြံရွယ်တော့ နိုင်ငံတော်ရဲ့စီးပွားရေးကို အရင်ဆုံး အခိုင်အမာ တည်ဆောက်ခဲ့တာပါ။ အခုလည်း လက်ရှိ မြန်မာနိုင်ငံကို တည်ဆောက်ရာမှာ စီးပွားရေးကိုပဲ အရင်ဆုံး တည်ဆောက်ရမှာ ဖြစ်ပါ တယ်။ ဒီတော့ မြန်မာ့စီးပွားရေး တိုးတက်ဖို့ကို ရေရှည်အတွက် စဉ်းစားမယ်ဆိုရင် စဉ်းစားစရာတွေ၊ စိတ်ပူစရာတွေက အနာဂတ်မှာပိုပြီး အများအပြား ရှိနေပါတယ်။
The Voice Weekly

No comments:
Post a Comment