နှမျောစိတ်က သူ့အတိုင်းရပ်မနေခဲ့။ တွေး၏။ ယာဂုအိုးကြီးကွဲသလို
ခံစားမှုတွေဝင်၏။ မင်ဖူးသည့်တရား ကွယ်သလိုလို ဖြစ်ရ၏။ “ကောင်းပါတယ်ကွာ၊
ပြီးသွားတာပေါ့၊ လူလုံးကွဲသွားတာပဲ” စသည့်မချိတင်ကဲဖြင့်
သက္ကရာဇ်ဟောင်းတို့ကို ငဲ့စောင်းမိ၏။ “ကျောင်းသားခေါင်းဆောင်များအဖြစ်
ထောင်ထဲဝင်သွားကြပြီး နိုင်ငံရေးသမားများအဖြစ် ပြန်ထွက်လာကြ သည့် သူတို့အား ခေတ်တခေတ်ထဲအပြိုင် ဖြတ်ခဲ့ကြသည်ဆိုငြား မိမိခေါင်းဆောင် များအဖြစ်
မြင်စမ်းချင်လှ” ဟု တောင့် တခဲ့ဖူး၏။ ခု ထိုမျှော်လင့်ချက် တို့အား
ယာယီသိမ်းဆည်းရုံမှတပါး မှုံဝါးဝါးအနာဂတ်ပေါ် မပုံဝံ့ မယုံဝံ့သေး။
အသက်အရွယ်၊ ဘဝ၊ ဖြတ်သန်းမှု၊ စိတ်ဓါတ်နှင့်အတွေးအခေါ်ရေချိန်၊
တည်ငြိမ်ရင့်ကျက်မှုများအရ သူတို့ ကျောင်းသား မဟုတ်ကြတော့။ ဤတွင် သူတို့
တခုခုနှင့်ဖလှယ်ရန်ဖြစ်လာသည်မှန်၏။ အမည် သက်သက်မျှမဟုတ်။ ဘာနှင့်လဲမလဲကို
အမြင်အမျိုးမျိုးမှပြောကြသူတွေထဲ ကျနော်လည်းပါခဲ့၏။ သို့သော် ကျနော်က
“ဘာနဲ့လဲစေ့ချင်သည်” ဟု မပြောခဲ့ဘဲ “ဘာနဲ့ မလဲစေချင်သည်” ကိုသာ
အဘိယာစ ကလုပ်ခဲ့၏။ မလဲစေချင်သည့်အထဲတွင် “ပါတီထောင် ရွေးကောက်ပွဲဝင်
လွှတ်တော်လမ်းကြောင်း” ဆိုသည့်နည်းပါ၏။ ပါတီထောင် မှတ်ပုံတင်ပြီဆိုသည်နှင့်
ကော်မရှင်ရှေ့မှောက် လျှက်လဲပြီ။ ရွေးကောက်ပွဲဝင်လျှင် လွှတ်တော်ရှေ့
ဒူးတုပ်မိပြီ။ လွှတ်တော်ထဲရောက်လျှင် ၂ဝဝ၈ အာဏာစက်ကို ကျိုးနွံရတော့မည်။
မမှန်မှုအောက် မှောက်လျှက်မကျစေချင်။ မဟုတ်မှု၌ ဒူးအတုပ်မခံရစေချင်။
မတရားမှုတွင် မကျိုးနွံစေချင်။ အရေးအကြီး ဆုံးက စစ်အုပ်စုက
သိမှတ်ပြုမှပါတီဖြစ်ရကာ ရှိစေချင်ရှိ ရပြီး ပျောက်စေချင်ပျောက်ရမည့်
မှတ်ပုံတင်ပါတီမျိုး မဖြစ်စေ့ချင်တာ ဖြစ်၏။ ဤသို့လျှင် မမြင်လို။
ထို့ကြောင့် ထိုအရာနှင့် မလဲစေချင်။
နောက်တလမ်းက “အင်န်ဂျီအိုနဲ့မှေးထား တည်ဆောက်ရေးလုပ် အခွင့်အခါစောင့်”
သည်နည်းလည်း ဘဝင်သိတ်မကျ။ မကျရသည်မှာ တည်ဆောက်ရေးလုပ်နှင့်အခွင့်အခါစောင့်က
ပြဿနာမရှိ။ မရှိသည့် အပြင် မဖြစ်မနေလုပ်ရမည့်ကိစ္စ။
အင်န်ဂျီအိုနဲ့မှေးထားဆိုသည်က ကိစ္စရှိ၏။ ထိုင်းတွင် ကာလတခုနေ ခဲ့ဖူး၍
အင်န်ဂျီအိုဆိုသည်မှာ ဘာဟူ၍ အတန်အ သင့်မြင်ခွင့်ရခဲ့၏။ အန်ဂျီအိုသည်
ဒိုနာအလိုကျ သွားရသည့်ခရီး။ ကန်ပိန်းတို့ လော်ဘီတို့သဘောသည် သူ့ကိုသွားချဲ့ဖို့ထက် သူ့ဂွင်မှာဆန့်ဖို့ ကိုယ့်ကိုယ်ကိုချုံ့ပေးရသည့်အဖြစ်ထက်မပို။
သူ့အထုတ်နှင့် ကိုယ့်အလုပ်သက်သက် လုပ်မရ။ ဘယ်အစိုးရတက်တက် ငါ့အစိုးရဟု
မကြွေးကြော်လျှင်သာရှိမည် လက်တွေ့တွင် အန်င်ဂျီအိုတို့
ထိုသို့သာအနှင်များ၏။ သို့မှလည်း ခရီးတွင်၏။ ကျနော်က သူတို့ကို
လူထုလမ်းတွင် မြင်ချင်၏။ သူတို့ကိုယ် သူတို့ချဲ့ရင်း လွတ်လပ်လမ်းကို
ကျယ်စေ့ချင်၏။ လူထုအထုတ်နှင့်လူထုအလုပ်ကို လုပ်စေ့ချင် ၏။ မူမမှန်သူတွေ
အစိုးတရလုပ်နေသည်ကို ဖယ်ရှားပြီး သူတို့ကိုသာ အစိုးရစေ့ချင်၏။
အရေးအကြီးဆုံး အချက်က ငွေကြေးကိစ္စ။ အန်င်ဂျီအိုကို ငွေကြေးနှင့်ပတ်သက်၍
ပွင့် လင်းမြင်သာမှုမရှိဟု အစိုးရတွေ၊
အစိုးရနှင့်လုပ်သည့်လုပ်ငန်းတွေအပါအဝင် လူထုအဖွဲ့အစည်းတွေကိုပြောသလို သွား
ယိုးစွပ်လို့မရ။ အန်ဂျီအိုက လူထုပိုက်ဆံ၊ တိုင်းပြည်ဘဏ္ဍာတို့နှင့်
လည်ပတ်နေတာမဟုတ်။ သူ့အလှူရှင်နှင့် သူ့ပုံစံနှင့်
သူ့ငွေကြေးစီမံခန့်ခွဲမှုနှင့် သူ့စာရင်းဇယားနှင့်သူဖြစ်၏။ ဒါကို
အန်ဂျီအိုယဉ်ကျေးမှုအခြေခိုင်သည့် နိုင်ငံနှင့် ထိုနိုင်ငံသား တို့က
နားလည်၏။ ထို့ကြောင့် ပြဿနာမရှိတတ်။ ဗမာပြည်ကျတော့ ထိုသို့မဟုတ်။
ထိုယဉ်ကျေးမှုနှင့် ထိတွေ့ကာလ မကြာသေး။ နောက်တချက်က ဗမာ့နိုင်ငံရေး၏
ဆတ်ဆတ် ထိမခံသောကိစ္စများ၌ ငွေကြေးကိစ္စထိပ်ဆုံးကပါ၏။ နဂိုကတည်းက
အင်န်ဂျီအိုဘဝမှလာသူတို့တွင် ကိစ္စမရှိသော်လည်း သန့်စင်သည့်နိုင်ငံရေးဘဝက
လာသူတွေကျတော့ ကိစ္စမှ အကြီးကြီးကိုရှိ၏။ ကျနော်က သူတို့ကို
ကိစ္စသေးသေးလေးပင် ရှိစေ့ချင်သူမဟုတ်။ အင်န်ဂျီအိုငွေဇယားတွင် သွားမ
ညပ်စေ့ချင်။ သို့ဖြင့် ဤနည်းလည်း ပုံမကျပန်းမကျ။
နောက်တလမ်းက “အခြားမျက်နှာစာများမှနေ၍ နိုင်ငံရေးလုပ်”။ ထိုရွေးလမ်းလည်း
သိတ်ဟန်မကျဟု ထင်ပြန်၏။ အနု ပညာမျက်နှာစာမှ ဝင်လုပ်မည်ဆိုပါစို့
အကန့်အသတ်က အနုပညာကိုယ်၌ပင်ဖြစ်နေ၏။ အဘယ့်ကြောင့်ဆိုက အနု ပညာတွင်
အကန့်အသတ်မရှိ၍ ဖြစ်၏။ နိုင်ငံရေးတွင်အကန့်အသတ်ရှိပြီး
အမြင့်ဆုံးမှာအာဏာတွင်ဆုံး၏။ အနုပညာကား အဆုံးမရှိသည့်ခရီး။
အကန့်အသတ်မရှိသည့်ခရီး။ သည်ခရီးထဲသွားပြီး ပေါက်မြောက်အောင်မြင်ဖို့ဆို
ကျန်တာ တွေချန်ခဲ့မှရ၏။ သူတို့ နိုင်ငံရေးကိုချန်ပြီး
ထိုခရီးထဲဝင်သွားမှာစိုးသူတွေထဲ ကျနော်လည်းပါ၏။ ဒါဆို အနုပညာနှင့် နိုင်ငံရေးတွဲကာ ကျွဲကူးရေပါ လုပ်ရင်ရောဟု ဆိုစရာရှိ၏။ ဤသို့ဆိုလျှင်လည်း
ကျွဲကူးသလောက်သာ ပါမည့်ရေဖြစ်၏။ ရေ မည်မျှရှိ၍ ကျွဲမည်မျှကူးနိုင်မည်နည်း။
တွေးစရာတွေ ရှိသေး၏။ ထားတော့ ကျွဲကူးသမျှ ပါသည့်ရေ။ ထို့ထက်မပို။ အာ ဏာအထိ
လှမ်းလို့မလွယ်။ အရေးအကြီးဆုံးအချက်က လက်ရှိဗမာ့နိုင်ငံရေးအခင်းအကျင်းသည်
ဇာတ်ဆရာ သီချင်း သည်နှင့် ကဗျာဆရာတွေ အာဏာရမည့်အကြောင်းနောက်ခံ မဟုတ်ဟု
ထင်၏။
ဘာ .. မလုပ်စေချင်တာတွေချည်း ပြောနေလို့ မပြီးသေးဟု တွေးနေတုန်း
ဗြုန်းဆို သူတို့ဘက်က သူတို့လုပ်မည့်အရာ ကို “…… လူမှုရေးလုပ်ငန်းတွေကို
ပိုပြီးကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်နိုင်ရေးနဲ့ စည်းစနစ်တကျ
လုပ်ဆောင်နိုင်ရေး တွေကို ရည်ရွယ်ပြီး…….” ဟု အတိအလင်းဆိုလာ၏။ လူကိစ္စတော့
မပါသေး။ မပြောသေး။ ဘယ်သူတွေ လုပ်မှာလဲ။ ၈၈ ငြိမ်း/ပွင့် အကုန်လုံးလား။
ဘယ်သူတွေ ဘာလုပ်ကြမလဲစသည်တို့တော့ သဲသဲကွဲကွဲမရှိသေး။ သို့သော် သေချာတာ
တခုက သူတို့ လူမှုရေး ဘက်လှည့်သွားပြီဆိုခြင်းပင်။ “လူမှုရေးလည်း
နိုင်ငံရေးပဲ၊ နိုင်ငံရေးဟာ လူမှုရေးရာမဟုတ်လို့ ဘာလဲ၊ လူမှုရေးကြီးတော့
နိုင်ငံရေးပေါ့” ဟု ဆိုခဲ့လျှင်မူ ပြောစရာမရှိ။ မိမိအမြင်က
လူမှုရေးလုပ်လျှင် လူမှုရေး သမားလို နေရတော့မည်။ ဟိုလူတွေကလည်း
ဤသို့ပဲနေစေ့ချင်လိမ့်မည်။ မိမိဘက်ကလည်း သတ်မှတ်ဘောင် မကျော် အောင်
နေရလိမ့်မည်။ မနေ နေအောင်လည်း လုပ်ပြလိမ့်မည်။ ဟိုလူတွေ အလိုအရ
လူမှုရေးအသင်းအဖွဲ့သည် နိုင်ငံ ရေးနှင့်ကင်းရမည်။ ကင်းနိုင်လျှင်
ကောင်း/မကောင်းကို အသက်မွေးဝမ်းကြောင်းနှင့်ယှဉ်တွေးလို့တော့ မဖြစ်ဟုထင်၏။
နောက်ဆုံးအချက်က သာမန်အနေအထားမှပင်လျှင် နိုင်ငံတနိုင်ငံ၏အရေးက
အခြားနိုင်ငံများ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ခွဲတွေးလို့မရ။
ဗမာ့လက်ရှိနိုင်ငံရေးက ပို၍ပင်ဆွဲတွေးနေရသည့်အဖြစ်။ လတ်တလော ပြည်တွင်းက
အလှုပ်အ ရမ်း အလှည့်အပြောင်းမှန်သမျှက ပြည်ပအရွေ့တွေဆီကနေ
လာတာလိုလိုချည်းဖြစ်၏။ ကမ္ဘာ့အလည်မှာ မဝင်ဆန့်ခဲ့ သည့် စစ်အုပ်စုသည် ယခုအခါ
အမေရိကန် နိုင်ငံခြားရေးပေါ်လစီ ဖိုးကပ်စ်အရွေ့တွင် လူရာဝင်တွင်ကျယ်လာခဲ့၏။
တွင်ကျယ်သည့် အလျှောက် ပြည်တွင်းနေတွေအပေါ် မောက်မာသည့်လက္ခဏာပြချင်၏။ လူတလူ
သူတမင်း လုပ်ချင် လာ၏။ ထိုအနေအထားတွေရှိကြောင်း ကိုမင်းကိုနိုင်၏
အောက်ပါစကားက ထင်ရှားစေ၏ “….အရေးအကြီးဆုံး တချက် က နိုင်ငံတကာနဲ့
တဖြည်းဖြည်းနဲ့ ဆက်ဆံရေးကပြေလည်လာတာနဲ့အမျှ ပြည်တွင်းမှာရှိတဲ့
ဒီမိုကရေစီလှုပ်ရှားသူတွေ အပေါ်မှာ မထေမဲ့မြင်ပြုပြီးတော့” ငါတို့တော့
နိုင်ငံတကာနဲ့ရပြီကွ” ဆိုပြီးတော့ ဒီဘက်မှာ နင်းလိုက်တော့မယ့် ပုံစံမျိုး
တော့ အဲ့လိုမဖြစ်အောင်လို့ပေါ အမြဲတမ်း နိုင်ငံတကာဟာချိန်ဆပြီးတော့ သူတို့
ဆက်ဆံသင့်တယ်လို့ယူဆပါတယ်။ (၅ လပိုင်း ၂၁ ရက် ၂ဝ၁၃ ဗီအိုအေနဲ့ မင်းကိုနိုင်
အင်တာဗျူး)
http://burmese.voanews.com/media/video/1664909.html?z=0&zp=1
ဟိုပန်ကိစ္စသည် ကိုမင်းကိုနိုင် ပြောသည့် ဤ “မထေမဲ့မြင်” မှုကို
ထင်ဟပ်သည့် အနီးကပ်ဆုံး အလှည့်ဟု ထင်၏။ “တော် လောက်ပြီ” ဟု သတိပေးခြင်းလည်း
ဖြစ်နိုင်၏။ ဆန်ရှင်တွေအကုန်နီးနီး ဖွင့်မည်မသေချာခင်အထိ လှန်ထားသည့်ကြိုးစ
ကို ရှည်ထားပေးရာမှ တစတစပြန်ရုပ်တော့မည်ဟု အချက်ပြခြင်းလည်းဖြစ်နိုင်၏။
“မင်းတို့ဘာလုပ်မှာလဲပြော၊ နိုင်ငံရေး လိုလို လူမှုရေးလိုလို လုပ်မနေနဲ့” ဟု
သွယ်ဝိုက်မေးခြင်းဟု ယူဆနိုင်စရာဖြစ်၏။ အားစမ်းကြည့်ခြင်းလည်း ဖြစ်နိုင်၏။
သူတို့အလိုမတူလျှင် ဤဟိုပန်သားတွေ တံတားထိပ်ရောက်လာစရာအကြောင်းမရှိ။ ၈၈
တွေကို တားစရာအကြောင်း မရှိ။ ၈၈ တွေ မရပ်ဘဲဆက်တိုးလျှင်
ဘာဖြစ်မည်မှန်းမသိသော်လည်း မတိုးခဲ့သဖြင့် ဘာမှမဖြစ်ခဲ့ မှန်းတော့ သေချာ၏။ ဤ
ဟိုပန်သည် “မှတ်ပုံတင်လူမှုရေးအသင်း” လုပ်ရန်ဆုံးဖြတ်ချက်မြန်မြန်ကျစေဖို့
ဖိအား တွန်းအား စေ့ဆော်အား တွေထဲက တခုမဟုတ်ဟု မည်သူပြောနိုင်မည်နည်း။
ဘာပဲပြောပြော ခုတော့ ၈၈ ငြိမ်း/ပွင့်သည် လူမှုရေးအသင်းအဖြစ်
မှတ်ပုံတင်တော့မည်။ လူမှုရေးတွေ အားသွန်ခွန်စိုက် လုပ်တော့မည်။
“ကုသိုလ်လည်းရ ဝမ်းလည်းဝ” ကို ရွေးသူတို့အဖို့ “နိုင်ငံရေးဆိုတာ ကုသိုလ်တပဲ
ငရဲတပိဿာ” သာ ဖြစ်တော့လေမည်လား မပြောတတ်တော့။ ခရီးကတော့ ခရီးခဲပင်။
ဖြတ်သူတွေအတွက် မှတ်အတင်ခံမည့် နောက်ထပ် ခရီးခဲ။
No comments:
Post a Comment