
မြန်မာ့တပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တို့အကြား တနိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသော် လည်း ပဲခူးတိုင်း အရှေ့ခြမ်း ကျောက်ကြီးမြို့နယ်တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှ စတင်၍ နှစ်ဘက် စစ်အင်အား တိုးချဲ့လာသည့် အပေါ် ဒေသခံများ စိုးရိမ်နေကြသဖြင့် နှစ်ဘက်လုံး စာချုပ်ပါ ကတိကဝတ်များကို လိုက်နာရန် ကျောက်ကြီးဒေသရှိ အမှတ် ၆၀ ခြေလျင်တပ်ရင်းနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) ဆက်ဆံရေးရုံး ရှေ့တို့တွင် ယနေ့နံနက်ပိုင်းက လူ၂၀၀ခန့် ဆန္ဒပြ တောင်းဆိုကြသည်။































