Thursday, September 06, 2012

ပြည်ထောင်စုဝန်ကြီးဦးရေ (၃၆) ဦး ခန့်အပ်တာဝန်ပေးခြင်းကို ပြည်ထောင်စုလွှတ်တော်မှ သဘောတူ

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ပြည်ထောင်စုလွှတ်တော် ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (၆၁၈) ဦးတို့ တက်ရောက်ကြသည်။

 အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသော သဝဏ်လွှာများကို လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပြီးဖြစ်ကြောင်းနှင့် ယင်းသဝဏ်လွှာများကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။ ထို့နောက် နိုင်ငံတော်သမ္မတက တင်ပြထားသည့် ပြည်ထောင်စု အစိုးရဝန်ကြီးဌာန (၃၆) ဌာန ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် စပ်လျဉ်း၍ စက်ခလုတ်အသုံးပြုပြီး ဆန္ဒမဲပေးသည့် နည်းလမ်းဖြင့် လွှတ်တော်၏ ဆန္ဒရယူရာ ထောက်ခံဆန္ဒမဲ များသည့်အတွက် လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။

 ထို့ပြင် နိုင်ငံတော်သမ္မတက တင်ပြထားသည့်အတိုင်း ပြည်ထောင်စုဝန်ကြီး ဦးရေ (၃၆) ဦး ခန့်အပ်တာဝန်ပေးခြင်းနှင့် စပ်လျဉ်း၍ စက်ခလုတ်အသုံးပြုပြီး ဆန္ဒမဲပေးသည့် နည်းလမ်းဖြင့် လွှတ်တော်၏ ဆန္ဒရယူရာ ထောက်ခံဆန္ဒမဲ များသည့်အတွက် လွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့သည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment