Tuesday, January 05, 2016

ထိုင်းလေယာဉ်ပေါ်တွင် ခိုးမှုကျူးလွန်သည့် တရုတ်ခရီးသည် ဖမ်းဆီးခံရ


ဇန်န၀ါရီလ ၄ ရက်နေ့က လေယာဉ်တစီးပေါ်မှာ အခြားခရီးသည်တဦးဆီမှ ခိုးမှု ကျူးလွန်ခဲ့တဲ့ တရုတ်နိုင်ငံသားတဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ အသက် ၄၅ နှစ်အရွယ် ကျီချင်းမာအမည်ရ တရုတ်နိုင်ငံသားဟာ တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူလ်မြို့မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိလေဆိပ်ကို ဆင်းသက်ခဲ့စဉ်မှာ ကျူးလွန်ခဲ့တာပါ။
သူဟာ လေယာဉ်ပေါ်ပါ ဒိန်းမတ်နိုင်ငံသားခရီးသည် ဟာရေးလ်ဒ်အမ်မင်ရဲ့ ခရီးသည်ထိုင်ခုံအမိုးပေါ်က အိတ်အတွင်းမှ ယူရိုငွေ ၅၀၅၀ နဲ့ တခြားနိုင်ငံခြားသုံးငွေတွေကို ခိုးယူခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

အဲဒီတရုတ်အမျိုးသားရဲ့နောက်ခုံမှာ ထိုင်နေခဲ့တဲ့ တူရကီနိုင်ငံသားခရီးသည် တဦးက လေယာဉ်အမှုထမ်းတွေကို အကြောင်းမကြားခင် ဒီဖြစ်စဉ်ကို လက်ကိုင်ဖုန်းနဲ့ ရိုက်ယူခဲ့တာပါ။

ဒီဗီဒီယိုဖိုင်ဟာ ပြစ်မှုကျူးလွန်သူရဲ့ အဓိက သက်သေဖြစ်တယ်လို့ ထိုင်းလေဆိပ် ခရီးသွားရဲဌာန ရဲအရာရှိ နီတိသွန်ဂျင်တနာခနွန်က ပြောပါတယ်။

အဲဒီတရုတ်နိုင်ငံသားဆီမှာ အစ္စတန်ဘူလ်ကို ပြန်မယ့် လေယာဉ် လက်မှတ်တ စောင်ကိုတွေ့ရပြီး သူဟာ ပြစ်မှုကျူးလွန်ပြီး တိမ်းရှောင်ဖို့ စီစဉ်ထားခဲ့ပုံရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

DVB

No comments:

Post a Comment