Friday, October 09, 2015

ထိုင်းတွင် မြန်မာလုပ်သား ၁၀ဦး အလုပ်ထုတ်ခံရ၍ လုပ်သားတစ်ထောင်နီးပါး ဆန္ဒပြ


ထိုင်းနိုင်ငံ နခေါ်ရတ်စီမာ(ခိုလပ်) ခရိုင်က လမ်ထောင်အမည်ရ ကြက်သားစက်ရုံတစ်ရုံတွင် အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၁၃ဦးကို အလုပ်ပြန်ခန့်ပေးရန် အဆိုပါ စက်ရုံက မြန်မာအလုပ်သမား တစ်ထောင် နီးပါး ဆန္ဒပြနေကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်(MWRN) မှ ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောကြားသည်။

အလုပ်သမား ၁၃ ဦးကို အောက်တိုဘာလ ၇ ရက်နေ့က အလုပ်ထုတ်လိုက်ခြင်းဖြစ်ပြီး အောက်တိုဘာလ ၈ရက်နေ့ တွင် မြန်မာအလုပ်သမားများ ဆန္ဒပြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အလုပ်လုပ်ခွင့် ပါမစ်အတွက်ဟုဆိုကာ ဘတ်နှစ်ရာတောင်းယူမှုကို အဆိုပါအလုပ် သမား ၁၃ဦးက မပေးသဖြင့် အလုပ်ထုတ်ခံ ရခြင်းဖြစ်ကြောင်း၊ အဆိုပါ ပါမစ်အတွက် ဘတ်နှစ်ရာကို ပေးထားပြီး ဖြစ်သော်လည်း စက်ရုံက ထပ်မံတောင်းယူသဖြင့် အလုပ်သမားများက မပေးခြင်းဖြစ်ကြောင်း ဦးစိန်ဌေးက ပြောဆိုသည်။

အလုပ်ထုတ်ခံရသည့် အလုပ်သမားများကို အလုပ်ပြန်ခန့်ရန်၊ အခွင့်အရေးချိုး ဖောက်မှုများကို ရပ်ဆိုင်းရန်၊ လူမှုဖူလုံရေးခံစားခွင့်များ ရရှိရန်၊ ဗီဇာ အတုပြုလုပ်ပေးကာ ခိုင်းစေခံရသည့် အလုပ်သမားအရေးကိစ္စကို ဖြေရှင်း ပေးရန် အပါအဝင် အချက်ကိုးချက် ရရှိရေးအတွက် တောင်းဆိုနေကြကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ဗီဇာသက်တမ်းတိုးတော့ တကယ်မတိုးဘဲ တံဆိပ်တုံး အတုတွေ ထုပေးတာ” ဟု ဦးစိန်ဌေးက ရှင်းပြသည်။

အဆိုပါ ဆန္ဒပြမှုကို အောက်တိုဘာလ ၈ ရက်နေ့က ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရှိသေးဘဲ အောက်တိုဘာလ ၉ရက်နေ့တွင် ထပ်မံညှိနှိုင်းကြမည်ဖြစ်ရာ MWRN အဖွဲ့က ဒုဥက္ကဋ္ဌနှင့် အလုပ်သမားရေးရာကျွမ်းကျင်သူ ထိုင်းနိုင်ငံသားတစ်ဦးတို့ သွားရောက်ကူညီဖြစ်ကြောင်း MWRN ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment