Tuesday, June 09, 2015

တောင်ကိုရီးယားတွင် မားစ်ရောဂါကြောင့် သေဆုံးသူ ၇ ဦးရှိပြီ


မားစ်ရောဂါကြောင့် သေဆုံးသူ ၇ ဦး ရှိသွားပြီး ကူးစက်ခံရသူပေါင်း ၉၅ ဦးရှိတယ်လို့ တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၉ ရက်မှာ ပြောပါတယ်။ ဒါကြောင့် ဆော်ဒီအာရေဗျနိုင်ငံပြီးရင် တောင်ကိုရီးယားဟာ မားစ်ရောဂါ အများဆုံး ကူးစက်ရာနိုင်ငံဖြစ်လာပြီး လူပေါင်း ၂၀၀၀ ကိုလည်း ရောဂါသံသယနဲ့ ထိန်းသိမ်း စောင့်ကြည့်နေပါတယ်။

ရောဂါလက္ခဏာတွေကတော့ အော့အန်ခြင်း၊ အဖျားဝေဒနာကို ခံစားရခြင်း၊ အသက်ရှူရ ခက်ခဲခြင်းတို့ ဖြစ်တတ်ပါတယ်။ နောက်ဆုံးမှာ အသက်ရှူလမ်းကြောင်းစနစ် ပျက်စီးတဲ့အထိ ဖြစ်တတ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

အခုအထိ ကာကွယ်ဆေးရော၊ ကုသဆေးပါ မပေါ်သေးပါဘူး။ လူစည်ကားတဲ့ နေရာတွေနဲ့ ဆေးရုံတွေမှာ မျက်နှာဖုံးဝတ်တာဟာ ရောဂါကူးစက်မှုကို တားဆီးနိုင်မယ်လို့ တောင်ကိုရီးယား ဆေးပညာအဖွဲ့ ဥက္ကဋ္ဌ  ချူးမိုဂျင်က ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း တောင်ကိုရီးယားမှာ ရောဂါပျံ့နှံ့နေတဲ့ အခြေအနေကို ဇွန် ၉ ရက် ဒီနေ့မှာ သုံးသပ်ဖို့ ရှိပါတယ်။

ဆေးရုံတွေမှာ မိသားစုဝင်တွေကို စောင့်ရှောက်တတ်တဲ့ တောင်ကိုရီးယား ယဉ်ကျေးမှုကြောင့် အခုလို ကူးစက်တာ ဖြစ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူး မာဂရက်ချန်းက သုံးသပ်ပါတယ်။

တောင်ကိုရီးယားမှာ မားစ်ရောဂါကို  မေ ၂၀ ရက်နေ့က စတင်တွေ့ရှိခဲ့ပြီး ပြည်သူတွေကြားမှာ စိုးရိမ်နေတာကြောင့် အရင်တပတ်က ကျောင်းပေါင်း ၁၀၀၀ ကျော်ကို ပိတ်လိုက်သလို နိုင်ငံခြားသား ခရီးသွား ထောင်နဲ့ချီပြီး တောင်ကိုရီးယားခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြပါတယ်။

၂၀၀၂-၂၀၀၃ ခုနှစ်လောက်က အခု မားစ်နဲ့ အမျိုးတူ ဆားစ်ရောဂါကြောင့် ကမ္ဘာတ၀ှမ်းမှာ လူအယောက် ၈၀၀ ၀န်းကျင် သေဆုံးခဲ့ဖူးပါတယ်။

မားစ်ရောဂါကတော့ အခုနောက်ဆုံး တောင်ကိုရီးယားက  လူနာတွေ အပါအ၀င် တကမ္ဘာလုံးမှာ လူအယောက် ၁၂၀၀ ကျေ် ကူးစက်ခဲ့ပြီး ၄၄၀ ကျော် သေဆုံးသွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

DVB


No comments:

Post a Comment