Monday, May 18, 2015

၂၀၁၅ ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံ မဲစာရင်းပြုစုနေမှု ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီး မေ ၂၅ ရက်၊ ဇွန် ၈ ရက်နှင့် ဇွန် ၂၂ ရက်များတွင် သုံးကြိမ်ခွဲ၍ မဲစာရင်းကြေညာမည်


၂၀၁၅ ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံ မဲဆန္ဒရှင် စာရင်းပြုစုနေမှု ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီး သုံးကြိမ်ခွဲ၍ မဲစာရင်း ကြေညာရန် စီစဉ်ထားကြောင်း ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများ အကြား ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မေ ၁၄ ရက်က ရန်ကုန်မြို့ မီကာဆာဟိုတယ်၌ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ အဖွင့်အမှာစကား ပြောကြားရာတွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ထိုသို့ထည့်သွင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။

အခြေခံမဲဆန္ဒရှင် စာရင်းကြေညာခြင်း လုပ်ငန်းကို ပထမအကြိမ်အဖြစ် မတ် ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေ သကြီး ၁၀ မြို့နယ် ၌ ၁၄ ရက်ကြာကြေညာခဲ့ပြီး ဒုတိယအကြိမ်အဖြစ် မေ ၂၅ ရက်တွင်လည်းကောင်း၊ တတိယအကြိမ်အဖြစ် ဇွန် ၈ ရက်တွင်လည်းကောင်း၊ စတုတ္ထအကြိမ်အဖြစ် ဇွန် ၂၂ ရက်တွင် လည်းကောင်း ကြေညာရန် စီစဉ်ထားကြောင်း သိရသည်။

“ဒီလိုမဲစာရင်းတွေ ကြေညာတဲ့ အချိန်မှာလည်း လူမှုအဖွဲ့အစည်းများနဲ့ နိုင်ငံရေး ပါတီများအနေနဲ့ ပြည်သူ လူထုကို မဲစာရင်းကြည့်ရှုရေး ပူးပေါင်းနှိုးဆော် အသိပညာပေး ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။ မဲစာရင်းမှာပါမှ မဲပေးပိုင်ခွင့်ရှိတာ ဖြစ်တဲ့အတွက်ကြောင့်မို့ မဲစာရင်းမှာ ပါရေး၊ မဲစာရင်းကပ်ချိန်မှာ လာရောက်ကြည့်ရှုနိုင်ဖို့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ပြောကြားလိုပါတယ်” ဟု ဦးတင်အေးက ပြောကြား သည်။

ထိုသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှသတ်မှတ်ထားသည့် သုံးကြိမ်အတွင်း တိုင်းဒေသ ကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်များအနေဖြင့် ၎င်းတို့သက်ဆိုင်ရာ နယ်မြေရှိ မြို့နယ်များတွင် မဲစာရင်းပြုစုမှု ပြီးစီးသည့် အခြေအနေအလိုက် အကျုံးဝင်သည့် ကာလများတွင် ၀င်ရောက်ကြေညာ ကြမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မေ ၂၅ ရက်တွင် ရန်ကုန် တိုင်း ၁၄ မြို့နယ်၌လည်းကောင်း၊ ပဲခူးတိုင်း ရှစ်မြို့နယ်၌ လည်းကောင်း၊ စစ်ကိုင်းတိုင်း တမူးမြို့၌လည်းကောင်း မဲစာရင်းကြေညာမည်ဖြစ်ပြီး အခြားတိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင်လည်း မြို့နယ်အချို့တွင် ကြေညာရန်ရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် အခြေခံ မဲဆန္ဒရှင်စာရင်း ကြေညာရာတွင် မဲစာရင်းသွားရောက်ကြည့်ရှုရန် လိုအပ်ပြီး မဲစာရင်း၌ မိမိအမည် မပါဝင်ပါက ပုံစံ (၃) ဖြင့် လျှောက် ထားရမည်ဖြစ်ပြီး အချက်အလက်များ မှား နေလျှင် ပုံစံ(၄)(ဂ)ဖြင့် လျှောက်ထားရမည် ဖြစ်ကာ မဲစာရင်းတွင်မပါဝင်သင့်သူများ ဥပမာ အားဖြင့် ကွယ်လွန်ပြီးသူ များ၊ ထောင်ကျနေ သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်နိုင်ကြောင်း   ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

သို့ရာတွင် ခေတ္တလာရောက်နေထိုင်သူများ ဥပမာအနေဖြင့် အခြားမြို့နယ်တွင် အိမ်ထောင်စုစာရင်း (အရပ် အခေါ် သန်းခေါင်စာရင်း)ရှိပြီး လက်ရှိမြို့နယ်တွင် ဧည့်စာရင်းဖြင့် နေထိုင်သူများ၏ အမည်များသည် မိမိတို့ အမြဲတမ်းနေထိုင်သည့် မြို့နယ်မှ  မဲစာရင်းတွင်သာ ပါဝင်မည်ဖြစ်သည်။

သို့ဖြစ်၍ ပြည်သူများအနေဖြင့် မိမိမူလသန်းခေါင်စာရင်း ရှိနေသည့် မြို့နယ်တွင် မဲစာရင်းကပ်ထားပါက မိမိအမည်စာရင်း ပါမပါ သွားရောက်ကြည့်ရှုရန် လိုအပ်မည်ဖြစ်သည်။    

Eleven Media Group


No comments:

Post a Comment