Sunday, April 05, 2015

ဖမ်းခံထာရသည့် ရွှေပြည်သာ စက်ရုံအလုပ်သမားများနှင့် အလုပ်သမား အရေး ကူညီသူများလွတ်ရန် ဆုတောင်းပွဲလုပ်


ရွှေပြည်သာမြို့နယ်တွင် လုပ်ခလစာ တိုးမြှင့်ရေးအတွက် ဆန္ဒပြရာမှ ဖမ်းဆီးခံထားရသည့် အလုပ်သမား ကိုယ်စားလှယ်နှင့် အလုပ် သမားအရေး ဆောင်ရွက်သူ ၅ ဦး လွတ်မြောက်ရေးအတွက် ဧပြီ ၄ ရက်တွင် အလုပ်သမား ၁၀ ဦးက ဒုတိယအကြိမ်အဖြစ် ဆူးလေဘုရားပေါ် တွင် ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။
"အခု ကျွန်မတို့ကို ကူညီတဲ့သူ အလုပ်သမားကိုယ်စားလှယ် ၅ ဦးက ထောင်ထဲမှာ၊ သူတို့ကို ရုံးပြောင်းလျှောက်တာလည်း လျှောက် ခွင့်မပေးဘူး၊ အလုပ်သမားတွေ ဖမ်းထားတာ တစ်လပြည့်ကို ဆုတောင်းပွဲလာလုပ်တာပါ" ဟု ကော့စတစ် အထည်ချုပ် စက်ရုံမှ မအေးစန္ဒဝင်းက ပြောသည်။

အဖမ်းခံထားရသူ ငါးဦးတွင်လေးဦးကို နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲထားပြီး တစ်ဦးကို ပုဒ်မ ၁၈၊ ပုဒ်မ ၁၄၇ နှင့် ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲခံထားရခြင်း ဖြစ်သည်။

ရွှေပြည်သာမြို့နယ် အလုပ်သမား သပိတ်မှ ဖမ်းဆီးခံရသူ ၁၈ ဦး ရှိပြီး ၁၃ ဦးကို အာမခံဖြင့် ပြန်လည်လွှတ်ပေး ခဲ့ခြင်းဖြစ်ကာ ၎င်းတို့ကို အင်းစိန် တရားရုံးက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့် လည်ခွင့်ဆိုင်ရာပုဒ်မ ၁၈ နှင့် ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇ ဖြင့် အမှုဖွင့်ထားသည်။

အဆိုပါ အာမခံ ရရှိသူ ၁၃ ဦးမှာ ကော့စတစ်နှင့် ဖို့ဒ်ဂလိုရီ အထည်ချုပ် စက်ရုံတို့မှဖြစ်ပြီး မတ်လ ၄ ရက်က ရွှေပြည်သာ မြို့နယ်မှ မြို့တော် ခန်းမရှေ့သို့ လမ်းလျှောက် ဆန္ဒဖော်ထုတ်ရာတွင် ဒညင်းကုန်းလမ်းဆုံတွင် ရဲတပ်ဖွဲ့ဝင်များက တားမြစ်ကာ အကြမ်းဖက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီက ၂၀ ရက် ကလည်း အီလန်မြန်မာ အထည်ချုပ်စက်ရုံရှေ့တွင် ယင်းစက်ရုံ အပါအဝင် ကော့စတစ်စက်ရုံနှင့် ဖို့ဒ်ဂလိုရီ စက်ရုံတို့ ပေါင်းထား သည့် အလုပ်သမားသပိတ် ဖြိုခွင်းခံရပြီး အလုပ်သမားအချို့ ဖမ်းဆီးခံခဲ့ ရသေးသည်။

လုပ်ခလစာ တိုးမြှင့်ရေး ဆန္ဒပြ၍ အဖမ်းခံရသော အလုပ်သမားများနှင့် အလုပ်သမားအရေး ကူညီဆောင်ရွက်သူများအတွက် ဆုတောင်းပွဲကို မတ်လ ၂၀ ရက်က ရန်ကုန်မြို့ ဆူးလေဘုရားတွင် အလုပ်သမား ၁၃ ဦးက ပြုလုပ် ခဲ့သေးသည်။

Mizzima - News in Burmese

No comments:

Post a Comment