Monday, April 06, 2015

အပြီးသတ် အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ညီလာခံ ကျင်းပရန် နေရာသုံးခု လျာထား


နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် အဆုံးအဖြတ်ရယူမည့် တိုင်းရင်းသား ထိပ်သီးလက်နက် ကိုင် ခေါင်းဆောင်များ တွေ့ဆုံရေး ညီလာခံကို လက်နက်ကိုင်ဌာနချုပ် သုံးခုတွင် ကျင်းပရန် လျာ ထားကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
အဆိုပါ ညီလာခံကို ကျင်းပရန် မိုင်းလားမြို့၊ ကရင်အမျိုးသားအစည်းအရုံး KNU အခြေစိုက်ရာ လော်ခီး လာနှင့်  “ဝ” ပြည် သွေးစည်းညီညွတ်ရေး UWSP/UWSA ဌာနချုပ် ပန်ဆန်းတို့တွင် ကျင်းပရန် လျာ ထားကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

“အတိအကျကတော့ NCCT အဖွဲ့က ဆွေးနွေးထားတာကို ထိပ်သီးခေါင်း ဆောင်ပိုင်းကို အကြောင်းကြား ထားတယ်။ နေရာကို သူတို့ကပဲ ရွေးချယ်မှာ ပေါ့။ နောက်တစ်ပတ်ထဲ အတည်ပြုနိုင်မှာပါ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးညီလာခံကို ယခုလအတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း NCCT ခေါင်းဆောင်များက ပြောဆိုထား သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးပွဲသို့ အစိုးရမှ အသိအမှတ် မပြုထားသည့် လက်နက်ကိုင်အဖွဲ့များကိုပါ ဖိတ် ကြားမည် ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့NCCT ခေါင်းဆောင်များက ပြော ကြားသည်။

တိုင်းရင်းသားလက်နက်ကိုင် ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်သော ထိပ်သီးညီလာခံ ကျင်းပရေးအတွက် ကျင်းပရေး ကော်မတီတစ်ခု ဖွဲ့စည်းဆောင်ရွက်မည် ဖြစ်ကြောင်း NCCT ထံမှ သိရှိရသည်။

“ဝ” ပြည် သွေးစည်းညီညွှတ်ရေးပါတီ UWSP က အဆိုပါ ညီလာခံကို ယင်းပါတီဌာနချုပ် ပန်ဆန်းတွင် ကျင်းပပြုလုပ်ရန် တောင်းဆိုထားကြောင်း NCCT ခေါင်းဆောင်များက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment